ထားဝယ်ဒေသလွတ်မြောက်ရေးတိုက်ပွဲအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အားပေးကူညီပံ့ပိုးမှုတွေအတွက် အစဥ်ကျေးဇူးတင်နေမှာဖြစ်တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) က သဝဏ်လွှာမှာရေးသားထားပါတယ်။
မေလ ၃၁ ရက်မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) က သဝဏ်လွှာပေးပို့ခဲ့တာပါ။
သဝဏ်လွှာမှာ အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အတူတကွလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၆ ရက်နေ့မှာကျရောက်တဲ့ TPLF တစ်နှစ်ပြည့်အခမ်းအနားကိုလည်း KNDF က သဝဏ်လွှာပေးပို့ခဲ့ဖူးပြီး ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်ရေး လက်တွဲလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်ကြောင်း ရေးသားပေးပို့ခဲ့ပါတယ်။
ထားဝယ်ဒေသအခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) ဟာ စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။