နေပြည်တော်ကောင်စီနယ်မြေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အချိန်မရွေး တိုက်ခိုက် လာနိုင်လို့ ဌာနဆိုင်ရာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ သတိရှိကြဖို့ သြဂုတ် ၂၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးမင်းနောင်နဲ့အဖွဲ့က လိုက်လံအသိပေးပြောဆိုခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဗိုလ်မှူးကြီး မင်းနောင်ဦးဆောင်ပြီး ဌာနဆိုင်ရာတွေပါတဲ့အဖွဲ့ဟာ ပစ်ခတ်မှု မကြာခဏဖြစ်ရာ ပျဥ်းမနားမြို့ကို ဦးစားပေး ပြောဆိုခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။
“ဂမုန်းတောင်၊ မဲပေါက်ရွာဘက်ကို မနက်အစောကြီး ကားနဲ့တွေ ရောက်လာတာ။ လူကတော့ အစုံပဲ။ မြိုနယ်နဲ့ ကျေးရွာက လူတွေကို သတိပေးဖို့၊ ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း သတိရှိကြဖို့ မှာသွားတယ်။”
ဒါ့အပြင် ဂမုန်းတောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ ကျောင်းတက်နေတဲ့ Grade 10 မှ ကျောင်းသား၊ ကျောင်းသူတွေကို NUG နဲ့ PDF တွေကို ဘုံရန်သူအဖြစ် သဘောထားဖို့ ပြောဆိုခဲ့တယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁ ရက်ကစလို့ နေပြည်တော်ကောင်စီနယ်မြေမှာ လုံခြုံရေးကို အရင်ထက် နှစ်ဆ တိုးထားတယ်လို့လည်း ဇေယျာသီရိမြို့နေ စစ်မှုထမ်းဟောင်း တယောက်က ပြောပါတယ်။
ဇူလိုင် ၂၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ကိုးတစ်ရွာနားမှာ အငြိမ်းစားရဲမှူး တယောက်နဲ့ ပြည်သူ့စစ် နှစ်ယောက်သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ပျဉ်းမနားမြို့နယ်နဲ့ ကပ်နေတဲ့ ရေတာရှည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ PDF တွေ အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။