နေပြည်တော်မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ရှုတ်ချပြီး စစ်တပ်ထောက်ခံပွဲ ပြုလုပ်ပြီးနောက် ည ၇ နာရီခွဲမှာ တပ်ထောက်ခံပွဲက ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တပ်ထောက်ခံပွဲပြီးနောက် နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ လယ်ဝေးမြို့နယ် ပင်လောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာအဝင်မှာ အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျောက်အိုးကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက ကျောက်အိုးကျေးရွာမှာနေတာ၊ မြို့တော်ခန်းမမှာလုပ်တဲ့ တပ်ထောက်ခံပွဲသွားပြီး ပြန်လာတဲ့အချိန် ပစ်ခံရတာ။ သေမသေတော့ မသိဘူး။ လူနာတင်ယာဥ်နဲ့ သယ်သွားတယ်။ စစ်သားတွေရော ရဲတွေရော အများကြီးပဲ။ အခုဆို လယ်ဝေးမှာ လုံခြုံရေးအပြည့် ချထားတယ်။”
သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ ပင်လောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ သုံးချက်ရရှိကာ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ခရိုင်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်က မြို့တော်ခန်းမရှေ့မှာ မဘသတွေ ဆန္ဒပြကတည်းက တပ်က ရဲတွေရော ဌာနဆိုင်ရာရော အုပ်ချုပ်ရေးမှူးတွေရော သတိနဲ့နေဖို့ မှာထားတယ်။ သတိပေးထားတဲ့ကြားက ဖြစ်တာ။”
နေပြည်တော်မြို့တော်ခန်းမရှေ့မှာ မနေ့ကပြုလုပ်တဲ့ တပ်ထောက်ခံပွဲနဲ့ တိုင်ရင်းသားလက်နက်ကိုင်များ ရှုတ်ချဆန္ဒပြပွဲကို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာ Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ နိုဝင်ဘာ ၁၁ ရက်က ဇေယျာသီရိမြို့နယ်မှာ ပြုလုပ်တဲ့ တပ်ထောက်ခံပွဲကို General Life News Agency မှ အယ်ဒီတာ ဒေါ်ရွှေစင်ဦးက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။