ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာမှ နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် အလှူရှင်များ လှူဒါန်းသည့် ဆန်အိတ်များကို သုံးဘီးကားဖြင့် သွားရောက်ပို့ဆောင်သူ အမျိုးသားတစ်ဦးကို ရွှေညောင်ပင်ကျေးရွာရှိ အမှတ် ၃၂၁ ခမရတပ်ရင်းရှေ့ စစ်ဆေးရေဂိတ်၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူသည် စစ်ရှောင်စခန်းမှဖြစ်ပြီး အလှူရှင်များ လှူဒါန်းသည့် ဆန်အိတ် (၃၀)အိတ်ကို မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ကဇူးကျေးရွာသို့ သွားရောက်ပို့ဆောင်သည့်လမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ကျေးရွာနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“သူ့ကို မသင်္ကာလို့ ဖမ်းဆီးသွားတယ် ထင်တယ်။ သူ့ကိုဖမ်းသွားတာကြားတာနဲ့ လူကြီးတွေက ပြန်လိုက်သွားကြတယ်။ ဒါပေမဲ့အခုထိတော့ ဘာသတင်းမှ မကြားသေးဘူး။”ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။
ကဇူးကျေးရွာ ပြည်သူများသည် ၂၀၁၁ ခုနှစ်တွင် KIA နှင့် မြန်မာစစ်တပ်ကြား တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သော ကျေးရွာဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မူလနေရပ်ပြန်ကာ လုပ်ကိုင်စားသောက်ရန် ကြိုးစားလာသည့် ကျေးရွာပြည်သူများ ဖြစ်သည်။
မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက်တွင် ဇူလိုင်လ ကတည်းကစပြီး KIA နှင့် စစ်ကောင်စီတပ်တို့ကြား ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်လာပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦး ဂျာပူ (မလန်းယန်) ကျေးရွာသို့ ပြန်ပြီးအလုပ်လုပ်နေစဉ် ဖမ်းဆီးခံခဲ့ရသော်လည်း ၃ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ၎င်းနှင့်အတူ နောက်ထပ်အမျိုးသား နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းထွက်ခဲ့သော်လည်း ၎င်းတို့ ၂ ဦးမှာ ဖမ်းဆီးမခံရဘဲ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်းသိရသည်။