အောက်တိုဘာလ ၃၁ ရက်နေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာက နေအိမ်မှာ ပစ္စည်းပြန်လာယူတဲ့ စစ်ရှောင်အမျိုးသမီးနှစ်ဦးဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် အစထိမှန်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“နှစ်ယောက်ထိတာ ဟုတ်ပါတယ်၊ တစ်ယာက်က ဒဏ်ရာပြင်းထန်လို့ ခြေထောက်ပြန်ကောင်းဖို့က လနဲ့ချီ နေသွားရမယ့် အနေအထားဖြစ်နေတယ်။ တစ်ဦးကတော့ နည်းနည်းပဲထိလို့ သက်သာပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည် လေးလုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးမှာ ဝမ်းဗိုက်နဲ့ ခြေထောက်ကို ထိမှန်ပြီး ကျန်တစ်ဦးကတော့ လက်မှာ အနည်းငယ် ထိမှန် ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ ဒဏ်ရာပြင်းထန်နေတဲ့ တစ်ဦးကတော့ လက်ရှိမှာ ဆေးကုသ ခံယူနေပါတယ်။
ဖရူဆိုမြို့ကနေ ဒီးမော့ဆိုမြို့ဘက်ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ဒေါညေးခူကျေးရွာအတွင်း တပ်စွဲနေပြီး ကျေးရွာတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ (အောက်တိုဘာ ၃၁ ) မနက်အစောပိုင်းမှာ ဒေါညေးခူကျေးရွာအနီး မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ထီးပေါ်ဆို -ဒေါညေးခူ လမ်းပိုင်းတလျောက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အဆိုပါလမ်းကို အသုံးမပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ကနေ အသိပေးထုတ်ပြန်ထားပါတယ်။