စစ်ကိုင်းတ်ိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းအား ဒေသတွင်းတပ်ရင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၁၈ ဦးခန့်သေဆုံးပြီး ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာလ ၂၅ရက်နေ့) သတင်းထုတ်ပြန်သည်။
နောင်ကြီးအိုင် ရွာရဲစခန်းတွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်သားများ တပ်စွဲအခြေချခဲ့ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့မှ စတင်၍ ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ရဲ ပူးပေါင်းအင်အား ၃၂ ဦးဖြင့် တပ်စွဲထားသည့် နောင်ကြီးအိုင်ရဲစခန်းကို အရာတော်မြို့နယ်မြို့နယ်(ပကဖ) တိုက်နယ် ၁/၂/၃/၄/၅/၆/၇/၈ တာဝန်ခံများ နှင့် ရဲဘော်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း ၆/၁၈/၁၉/၂၄/၂၆ တပ်ရင်းမှ ရဲဘော်များက စုပေါင်းဝိုင်းဝန်းပိတ်ဆို့ထားကာ နေ့ညမပြတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုတိုက်ခိုက်မှုများအတွင်း ရန်သူ့ တပ်သားနှင့်ရဲ ၁၈ ဦးခန့် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။
တော်လှန်ရေးအဖွဲ့များက စစ်ရေးဖိအားကြောင့် နောင်ကြီးအိုင်ရဲစခန်းမှ ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ၂၃ရက်နေ့တွင် စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် အသိပေးသည်။
“နောင်ကြီးအိုင်စခန်းထဲကို ရှင်းလင်းရေးလုပ်ပြီး ခွေးတွေ ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ သိမ်းဆည်းခဲ့ပါတယ်။နောင်ကြီးအိုင်စခန်းကကောင်တွေက ပြည်သူတွေဆီကနေ မတရားသိမ်းယူထား၊ ပြန်ပေးဆွဲထားတဲ့ ပစ္စည်းတွေရှိပါတယ်။ ဆန်အိတ်တွေ အများအပြားပါဝင်ပါတယ်။ အဲ့ဒါတွေကို သက်ဆိုင်ရာပိုင်ရှင် ပြည်သူတွေထံ ပြန်အပ်နှံနိုင်ခဲ့ပါတယ်။”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆုတ်ခွာချိန် ထိုစစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“စခန်းစွန့်ခွာစစ်ကြောင်းကို ဖြတ်တိုက်ခဲ့ပါတယ်။ ရန်သူ ၁၅ ကောင်လောက် ထိခိုက်သေဆုံးနိုင်ပြီး အရာရှိတွေလည်း ပါဝင်ပါတယ်။ ရန်သူ့ရဲ့ နမခ MI-35 လေကြောင်းပစ်ကူကြောင့် စစ်ကြောင်းတခုလုံးကို အပြတ်မချေမှုန်းလိုက်ရတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့နောက် စစ်ကြောင်းသည် သေဆုံးဒဏ်ရာရသူများအား ထမ်းစင်များဖြင့်သယ်ဆောင်ကာ အရာတော်မြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းပြည်သူ့ရဲဘော်များက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့တွင် နောင်ကြီးအိုင်ရဲစခန်းအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။