ရှမ်းပြည် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၈ နာရီခွဲကျော်မှာ တအာင်းတပ်မတော် PSLF/ TNLA နဲ့ MDY PDF ပူးပေါင်းတပ်တို့ နောင်ချိုမြို့နယ် ဂုတ်ထိပ် အနီးမှာရှိတဲ့ စစ်ကောင်စီစခန်းကို ၀င်ရောက် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ်ထဲက ရွှေညောင်ပင်ကျေးရွာ အနီးမှာလည်း TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်။
မနေ့က နိုဝင်ဘာ ၅ ရက်ကလည်း နောင်ချိုမြို့နယ်မှာ စစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ကာ ရွှေညောင်ပင်နဲ့ အုမ္မတီး/အုမ္မခါးကျေးရွာကို စစ်ကြောင်း ၂ ကြောင်းနဲ့ တက်လာတာကြောင့် TNLA နဲ့ MDY PDF တို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အလောင်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော် သိမ်းပိုက်ခဲ့ပြီး တင့်ကားကြီးတွေ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ၊ လေယာဉ်ပစ် လက်နက်တွေနဲ့ စစ်လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း နိုင်ခဲ့ပါတယ်။