ရှမ်းပြည်နယ်၊ နောင်ချိုမြို့ရှိ ၆၀၆ ဒုံးတပ်ရင်း မကျဆုံးရေး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရကြောင်း TNLA ကပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၂၀ မိနစ်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဘန့်ဘွေရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို လက်နက်ကြီး ၁၆ လုံး ပစ်ကူခဲ့ပြီး လေကြောင်းပစ်ကူများပါ အသုံးပြု တိုက်ခိုက်ခဲ့ကာ စစ်အင်အား ၅၀ ဦးလည်း ပြန်လည် ဖြည့်တင်းမှု ပြုလုပ်နေကြောင်း သိရသည်။
နောင်ချိုမြို့တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁ လက်အောက်ခံ ခမရ (၁၁၄) ၊ ခမရ (၁၁၅) နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁) ၊ ခမရ (၃၀၃) ၊ ခမရ (၃၀၆) တပ်ရင်းများ ပါဝင်ပြီး ခမရ (၁၁၄) နှင့် (၁၁၅) တပ်စခန်းများကို တအာင်းတပ်မတော်က သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား အချို့သည် (၆၀၆) ဒုံးတပ်ရင်းကို သွားရောက် ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၁ ရက်နေ့ကလည်း နောင်ချိုမြို့ ၆၀၆ ဒုံးတပ် တိုက်ပွဲနေရာကို အကြမ်းဖက် စစ်ကောင်စီက Jet Fighter ၅ စီး၊ MI-35 ၂ စီး၊ Y-12 ၁ စီးဖြင့် ပစ်ကူပေးခဲ့ပြီး Y-12 ၁ စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းတို့၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မိုးမိတ်မြိုမှ မကျီးပင် ဒေသကို ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ကလည်း မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများက ညောင်နီနှင့် သရက်ချိုရွာဘက်ကို ၁၂၀ မမ ၊ ၄၅ မမ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။