ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို- ကျောက်မဲ- သီပေါ ပြည်ထောင်စုလမ်းပိုင်း၌ ယနေ့နံနက် တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။
” ဂုတ်တွင်း(နောင်ချို)နဲ့ ကျောက်မဲကြားရော၊ ကျောက်မဲနဲ့ သီပေါကြားမှာရော ချနေတယ်။ စစ်တပ်နဲ့ လော်ဘီတွေက လမ်းပွင့်ပြီ ပြောနေတာကို အမှန်ထင်ပြီး မလာကြပါနဲ့”ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။
သီပေါမြို့တွင် ယမန်နေ့ ညနှင့် ယနေ့ နံနက်အစောပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံများရော၊ သေနတ်သံများပါ ကြားခဲ့ရပြီး ယနေ့နံနက် ၆နာရီမှစတင်ကာ ပြည်ထောင်စုလမ်းမအနီး၌ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီသည် နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းကို အသုံးပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူပို့နိုင်ရေး ကြိုးစားနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တားဆီးနေသည်။
နောင်ချို- ကျောက်မဲ- သီပေါလမ်းပိုင်းမှ တံတားများကို စစ်ကောင်စီက ပြင်ဆင်ပြီးဖြစ်၍ ဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီများက မကြာခဏရေးသားဖော်ပြနေကြသည်။