ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနား လမ်းမပေါ်ရှိ ဒေါ့ဖုန်းယန် အနီး၊ နောင်ဂုန့်ရွာမှာ အောက်တိုဘာ ၈ ရက်နေ့က စစ်ကောင်စီတပ် ရွာထဲ၀င်ရောက်ပြီး နေအိမ်တွေထဲ ဖျက်ဆီး ၀င်ရောက်ကာ ပစ္စည်းတွေ မွှေနှောက် ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ခမရ (၃၇၀) တပ်ရင်းဟာ ယမန်နေ့ မနက် ၈ နာရီခွဲ ဝန်းကျင်က နောင်ဂွမ်ရွာကနေ စစ်ကြောင်း စထွက်လာပြီး လမ်းတစ်လျှောက် ပစ်ခတ်လာရာ မနက် ၉ နာရီကျော်မှာ နောင်ဂုန့်ရွာကို ရောက်လာခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ်တွေထဲက တန်းဖိုးကြီး ပစ္စည်းတွေ အကုန် ခိုးယူသွားတယ်လို့ နောင်ဂုန့်ရွာကို ရွာခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“မွှေနှောက်ယူတယ် ဆိုတာက သူတို့ တချို့ ကြောက်လို့ တနေရာရာ၊ သူတို့ ဘုန်းကြီး ကျောင်းလိုမျိုးနေရာမှာ သွားနေနေချိန် သူတို့ ဘယ်သူမှ မရှိရင် လာရောက် မွှေနှောက် ယူသွားတဲ့ အခြေအနေပါ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ရှင်းပြပါတယ်။
တိုက်ပွဲရှောင်နေရတဲ့ ရွာတွေမှာ အိမ်သော့တွေ ခတ်ခဲ့ပေမယ့် စစ်ကြောင်းတွေလာရင် သော့ဖျက် တံခါးဖွင့်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို မွှေနှောက် ယူဆောင်သွားတဲ့အပြင် အိမ်မွေး တိရစ္ဆာန်တွေကိုပါ သတ်ဖြတ် စားသောက်သွားလေ့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
KIO ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန် ဒေသမှာတော့ စစ်ကောင်စီတပ်နဲ့ KIA တို့ နေ့စဥ် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။