စစ်ကောင်စီ နဲ့ ရုရှား နိုင်ငံပိုင် နျူကလီးယား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Rosatom တို့ မြန်မာနိုင်ငံမှာ နျူကလီးယားအခြေခံအဆောက်အအုံတည်ဆောက်ရေး အတွက် လုပ်ငန်းစတင်နိုင်ဖို့ ရာ လေ့လာမှုတွေ လုပ်ဆောင်ဖို့ သဘောတူ လိုက်ကြောင်း ရုရှား မီဒီယာတွေမှာဖော်ပြထားပါတယ်။
Rosatom ကော်ပိုရေးရှင်း နဲ့ မြန်မာ စစ်အုပ်အကြား နျူကလီးယားအခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ချေ အချက်အလက်တွေကို စတင်လေ့လာဖို့ နဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအဆင့်လိုက် အစီစဉ်တွေကို နားလည်မှုစာချွန်လွှာရေးထိုး ခဲ့တယ်လို့ Rosatom ကုမ္ပဏီ ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။
ရုရှား အစိုးရပိုင် ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ တော့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သော ဦးစားပေးကဏ္ဍများအတွက် အစီအစဉ်တစ်ရပ် ချမှတ်ဖို့ သဘောတူညီခဲ့တယ်လို့ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်အတွက် Rosatom ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နဲ့ စစ်ကောင်စီ ရဲ့ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော် တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
Rosatom ဟာ မြန်မာနိုင်ငံ၊ ကာဂျစ္စတန်၊ သီရိလင်္ကာနိုင်ငံတို့ နဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး နဲ့ ဖွံဖြိုးတိုးတက်ရေး အစီစဉ်တွေ လက်မှတ်ရေးထိုးထားတယ်လို့ သိရှိရပါတယ်။
ရုရှားအစိုးရ နဲ့ မြန်မာ စစ်ကောင်စီတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အတွက် အခြေခံ အချက်တွေ သဘောတူညီခဲ့တာဖြစ်ပြီး လုပ်ငန်းစတင်ဖို့ သဘောတူညီချက်ကို ယခုလ မှ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံ ကို ဘယ်နေရာမှာ တည်ဆောက်မယ်ဆိုတာကိုတော့ စစ်ကောင်စီ နဲ့ ရုရှားဘက်က ထုတ်ပြန်ထားတာမတွေ့ ရသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နည်းပညာတက္ကသိုလ် ၃ ခု နဲ့ ရုရှားနိုင်ငံက နျူကလီးယား နည်းပညာတက္ကသိုလ် တစ်ခုဖြစ်တဲ့ National Research Nuclear University (Moscow Engineering Physics Institute-MEPhi) တက္ကသိုလ် အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရှိရပါတယ်။
ဒီလက်မှတ်ရေးထိုးမှုမှာ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် နဲ့ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တို့ က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။