မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ သံဃာတစ်ပါးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၆ ရက် နံနက် ၁၁ နာရီကျော်က နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းအရှေ့ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ် ဗုံးလေးလုံးကျပေါက်ကွဲပြီး ဘုန်းကြီးကျောင်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
“ပေါင် ၃၀၀ဗုံး လေးလုံးကြဲတာ။ ဂျက်ဖိုက်တာနဲ့။ အနောက်ရွာကျောင်းထဲကြတာ။ တိုက်ပွဲမဖြစ်တာကို ချတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးတစ်ပါးနှင့် ပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၆ရက်က နွားထိုးကြီးမြို့နယ်အတွင်းအခြားနေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့၍ ထိခိုက်မှုများရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေပြီး ကျေးရွာအချို့အား မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။