နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး သက်သက်တင်မဟုတ်ဘဲ ဖက်ဆစ် စစ်အာဏာရှင်တွေ တည်ဆောက်ထားတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကိုပါ ဖြိုချချေဖျက်ပစ် ရမယ့် တော်လှန်ရေးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကက ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် ခေတ်အဆက်ဆက် လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖန်တီးတာ၊ လူမျိုးကြီးဝါဒကို တည်ဆောက်ပြီး လူနည်းစုတွေအပေါ် ဖိနှိပ်တာ၊ လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေတည်ဆောက်တာ ဒါတွေကို စနစ်တကျ လုပ်ဆောင်ခဲ့ကြ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
ဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ပညာရေးကစပြီး ဖျော်ဖြေရေး၊ မီဒီယာ၊ စာပေ အစရှိတဲ့ ဝါဒဖြန့်ချိမှု ပုံစံမျိုးစုံကို အသုံးပြုပြီး နေ့စဉ်လူမှုဘ၀ အတွေးအခေါ်အားလုံးကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောခဲ့တာပါ။
“နွေဦးတော်လှန်ရေးကတော့ အဲ့ဒီအတွေးအခေါ်အဟောင်း၊ အမူအကျင့်အဟောင်းတွေကို တွန်းလှန် ဖယ်ရှားပြီး အဖိနှိပ်ခံတွေအချင်းချင်း ညီညွတ်မှုနဲ့ ကွဲပြားစုံလင်တဲ့ အင်အားကို ပြသနိုင်ခဲ့ပါတယ်။ ဒီလို အတွေးအခေါ်အဟောင်းတွေကို တွန်းလှန်ဖယ်ထုတ်တဲ့နေရာမှာလည်း လူငယ်တွေရဲ့ ရဲ့ရင့်တဲ့ အတွေးအခေါ် နဲ့ ဆန်းသစ်တဲ့ အမြင်တွေက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။
စစ်အာဏာရှင်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေတည်ဆောက်ပြီး သပ်လျှိုသွေးခွဲမှုတွေလုပ်ဆောင်ခဲ့ပေမယ့် တကယ်တမ်း သူ့တို့ရဲ့ အာဏာကို တွန်းလှန်ခြိမ်းခြောက် လာတဲ့အချိန်မှာတော့ လူမျိုးမရွေး၊ဘာသာမရွေး နေရာဒေသမရွေး အားလုံးကို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ကျူးလွန်လာတာပဲ ဆိုတာကို ရှင်းလင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။”လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီဟာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာအောင် နည်းအမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာကို သတိပြုရမှာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဘာသာရေးလူမျိုးတွေ ပဋိပက္ခတွေ ဖြစ်မလာဖို့၊ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ ဆက်လက်ကြိုးစား လုပ်ဆောင်နေရမှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။