နွေဦးတော်လှန်ရေး ၃နှစ်ပြည့်မြောက်တဲ့ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ “နွေဦးတော်လှန်ရေး (၃)နှစ်ပြည့် Town Hall Meeting/ လူထုအစည်းအဝေး”ကို “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့အစီရင်ခံတင်ပြခြင်း” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရဲဘော်ပြည်သူတွေ အနေနဲ့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC Facebook Page ကနေတဆင့် လည်းကောင်း၊ ပူးတွဲဖော်ပြပါ သတင်းမီဒီယာ စာမျက်နှာတွေမှာ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုကို ကြည့်ရှုနားဆင်ကာ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူလူထုဆီကို အစီရင်ခံတင်ပြချက်တွေကို လက်ခံကြားနာခြင်းနဲ့ ပါဝင် တက်ရောက်ပေးကြဖို့ လေးစားချစ်ကြည်စွာ ဖိတ်ခေါ်နှိုးဆော်တယ်လို့ ဆိုပါတယ်။
“လူထုအစည်းအဝေး” ကို NUCC ရဲ့ စာမျက်နှာတွေ၊ သတင်းမီဒီယာတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စာမျက်နှာတွေမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း စာမျက်နှာတွေမှာ ထောက်ခံ/ ဝေဖန်/ အကြံပြု မှတ်ချက်တွေ ရေးသားခြင်းများ ပြုလုပ်ဖို့လဲ တိုက်တွန်းဖိတ်ခေါ်ထားပြီး NUCC ရဲ့ စာမျက်နှာက မှတ်ချက်တွေကို ဦးစားပေး ရယူကာ ဖြေကြားပေးသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့ပြင်ဖြေဆိုဖို့ အသင့်တော်ဆုံး မေးခွန်း/မှတ်ချက် (၃) ခုကနေ (၆) ခု အထိကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝင်တွေက ပြည်သူလူထုဆီကို ပြန်လည် ဖြေကြား အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။