“နွေဦးဘဏ်” အကောင့်ဖွင့်ရန် စာရင်းပေးထားသူ အရေအတွက်က ၃ သောင်းအထိ ရှိနေပြီဖြစ်တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
“Private Beta စမ်းသပ်ကာလ စတင် ထုတ်လွှင့်သည့်ရက်မှ ယနေ့ အထိ ဘဏ်အကောင့် ဖွင့်ရန် စာရင်းပေးထားသူ စုစုပေါင်း (၃၀,၀၀၀) အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
စာရင်းပေးခဲ့သော ရက်စွဲအလိုက် အမှတ်စဥ်များအတိုင်း အချက်အလက် ပြည့်စုံမှုများကို မူတည်ပြီး Account Activation Email များကို နေ့စဥ် အရေအတွက် ၅၀၀ နှုန်း နှင့် တိုးချဲ့ပေးလျက်ရှိပါတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
နွေဦးဘဏ်က လုံခြုံလွတ်လပ်ခြင်းကို ယုံကြည်သော မိဘပြည်သူများရဲ့ ကောင်းကျိုးစီးပွားကို အစဉ်တန်ဖိုးထား အလေးပေးလျက်ရှိပြီး မိဘပြည်သူများရဲ့ သဘောထားနဲ့ အသံများကို အစဉ်မပြတ် နားစွင့်ကာ အကောင်းဆုံးဖြစ်မယ့် အရာများကိုသာ ဦးစားပေး ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် နွေဦးဘဏ်က မိဘပြည်သူများရဲ့ ဥစ္စာဓနလုံခြုံရေးအတွက် “အသုံးပြုသူအား ပိုမို အသားပေးသည့်” စံနှုန်းများနဲ့ အညီ ဘဏ်စနစ်တစ်ခု ဖြစ်လာအောင် ပိုမိုကောင်းမွန်သော မွမ်းမံပြင်ဆင် မှုများအား အားထုတ် ကြိုးပမ်းပြီး လူတန်းစေ့ အသုံးပြုနိုင်တဲ့ အချိန်ကာလအား များမကြာမီ အချိန်မှာ ထပ်မံ ကြေညာပေးသွားမှာဖြစ်တယ်လို့လည်း နွေဦးဘဏ်က ထုတ်ပြန်အသိပေးထားပါတယ်။