အာဏာသိမ်းစစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေကြောင့် ခိုလှုံလာသူတွေထဲက PDF တပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်လိုသူ တစ်ထောင်နီးပါးကို နှစ်လအတွင်း စစ်သင်တန်းပေးနိုင်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် နီးစပ်ရာ လွတ်မြောက်နယ်မြေတွေဆီ ခိုလှုံလာကြတဲ့ လူငယ်တွေရှိလာပြီး. အဲဒီအထဲက လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ကြသူတွေရှိလာတယ်လို့ NUG ကဆိုပါတယ်။
ဒီလို ခိုလှုံလာသူတွေကို စိစစ်ပြီး အခြေခံစစ်သင်တန်း ပေးရာမှာပြီးခဲ့တဲ့ ဧပြီလနဲ့မေလအတွင်းမှာ PDF တပ်ဖွဲ့ဝင် ၉၅၉ ဦး ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။
အဲဒီအရေအတွက်ဟာ NUG လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ (၃ ) ဆီ ခိုလှုံလာသူတွေ ရဲ့စာရင်းသာဖြစ်ပါတယ်။
အခြားသော NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကလည်း စစ်မှုထမ်းဥပဒေကြောင့် PDF တပ်ဖွဲ့ဝင် ရောက်လာသူတွေအများအပြားရှိခဲ့တယ်လို့ ပြီးခဲ့တဲ့လပိုင်းတွေက အသီးသီးထုတ်ပြန်ခဲ့တာရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အမျိုးသားတွေကို တပ်သားသစ်စုဆောင်းခဲ့တာပါ။
စစ်မှုထမ်းဥပဒေနဲ့ လက်ရှိမှာစစ်သင်တန်းအပတ်စဉ် ၂ ခုထိ ခေါ် ယူထားပြီး လူအင်အား ၉,၀၀၀ နီးပါး စစ်ကောင်စီက စုဆောင်းရရှိထားပြီဖြစ်ပါတယ်။
အဲဒီစစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ လွတ်မြောက်နယ်မြေတွေဆီသွားရောက်တဲ့သူတွေရှိသလို ၊ ပြည်ပ ကိုအလုံးအရင်းနဲ့ထွက်ခွာတာတွေ ရှိခဲ့ပါတယ်။