မနေ့ကညသန်းခေါင် နှစ်သစ်ကူးချိန်လောက်မှာ တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ရွာထဲက လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီခြေမြန်တပ် ရင်း ခမရ(၅၆၁) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး
ရွာလယ်မှာရှိတဲ့ ပျဉ်ထောင်အိမ် တစ်ဆောင်နဲ့ တိုက်အိမ် တစ်ဆောင်ပေါ်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့ကာ ခေါင်မိုးနဲ့ အိမ်အတွင်းပိုင်းပစ္စည်းတွေပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ဆုံး သေနတ်ငယ်တွေနဲ့ အရင်စပစ်တယ်။ သေနတ်သံကြားကတည်းက ရွာထဲကလူတွေ အိမ်တွေမှာ မနေတော့ဘဲ ထွက်ပြေးကြတာ။ လူထွက်ပြေးပြီးသိပ်မကြာဘူး လက်နက်ကြီးပစ်တာပဲ။” လို့ ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေ ထွက်ပြေးပြီးမှ အိမ်ပေါ် လက်နက်ကြီးကျည်ကျခဲ့တာကြောင့် လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
“လက်နက်ကြီးအသံတွေကတော်တော်လေးကို အကြမ်းကြီးပဲဗျ။ အချက်ပေါင်းလည်းမနည်းဘူး ပစ်တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ခမရ(၅၆၁)တပ်ရင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်ခံခဲ့ရပြီးနောက် လက်နက်ကြီးနဲ့ပစ်တာလို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါတယ်။
အခုလ ဒုတိယအပတ်ကလည်း တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားနှစ်ဦးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဒဏ်ရာရခဲ့ပါတယ်။