စစ်ကောင်စီကအသစ် ရိုက်နှိပ်ထုတ်ဝေထားတဲ့ နှစ်သောင်းတန်ငွေစက္ကူကို အသုံးမပြုဘဲ သပိတ်မှောက်(boycott)လုပ်ကြဖို့ မြိတ်နဲ့ ကော့သောင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေကနှိုးဆော်ထားပါတယ်။
နှစ်သောင်းတန်ငွေစက္ကူတွေဟာ ပြည်သူတွေလက်ထဲကို နည်းလမ်းမျိုးစုံနဲ့ရောက်ရှိလာနိုင်ပြီး မသုံးစွဲဖို့နဲ့ လက်ထဲရောက်လာရင်လည်း လက်ဝယ်မထားဘဲတန်ဖိုးတူတဲ့ ပစ္စည်းနဲ့လဲလှယ်တာမျိုးတွေ ပြုလုပ်ကြဖို့ နှိုးဆော်ချက်မှာရေးသားထားပါတယ်။
လက်ရှိအချိန်ဟာ စစ်ရေးတိုက်ပွဲအပြင် ဘဏ္ဍရေးတိုက်ပွဲကိုပါ အရှိန်မြှင့်ဖော်ဆောင်နေတာဖြစ်လို့ ပြည်သူတွေ တက်ညီလက်ညီ ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
နှစ်သောင်းတန်နဲ့ပတ်သက်ပြီး တနင်္သာရီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်းကြေညာချက်တွေ အရင်ကထုတ်ပြန်ဖူးပါတယ်။
အဲဒီကြေညာချက်တွေမှာတော့ နှစ်သောင်းတန်ကို စစ်ဆေးတွေ့ရှိရင် အပြစ်ပေး အရေးယူမယ်လို့သတိပေးခဲ့တာပါ။ အဲဒီလို အပြစ်ပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာတော့ ပြည်သူတွေကြားမှာ ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ မာရဝိဇယဘုရားတည်ဆောက်ပြီးစီးတာနဲ့ ဆင်ဖြူတော်တစ်နှစ်ပြည့်အထိန်းအမှတ်အဖြစ်လို့ဆိုကာ ပြီးခဲ့တဲ့လတတိယပတ်မှာ နှစ်သောင်းတန်ရိုက်နှိပ်ဖို့ ကြေညာခဲ့တာပါ။
အဲဒီလိုကြေညာပြီး ရက်ပိုင်းအကြာမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG က နှစ်သောင်းတန်ကို တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
NUG အစိုးရကတော့ စစ်ကောင်စီဟာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် နှစ်သောင်းတန်ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေပြီး သူတို့သက်တမ်းကြာရှည်ဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်ကိုင်နိုင်ဖို့ အားထုတ်တာဖြစ်တယ်တယ်လို့ အဲဒီအချိန်ကထုတ်ပြန်ချက်မှာရေးသားခဲ့ပါတယ်။
နှစ်သောင်းတန်ငွေစက္ကူတွေကို လက်ရှိအချိန်ထိ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာမျိုးတော့ မတွေ့ရသေးပါဘူး။