အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဝန်ထမ်းလစာများကို ပေးချေရာတွင် နှစ်သောင်းတန်ငွေစက္ကူများကို ထည့်သွင်းအသုံးပြုနေပြီး များမကြာမီ စစ်ကောင် စီ က ငွေပေးချေမည့် ဝန်ကြီးဌာနဆိုင်ရာ လမ်းတံတားနှင့်အဆောက်အအုံ အပါအဝင် တင်ဒါများတွင်လည်း နှစ်သောင်းတန်ငွေစက္ကူများကိုသာ အဓိက အသုံးပြုပေးချေမည်ဖြစ်ကြောင်း ဗဟိုဘဏ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
“ဒီနေ့ ဝန်ထမ်း လစာထဲမှာ နှစ်သောင်းတန် ၁ ရွက်၊ တချို့လည်း ၂ ရွက်ပါ တယ်။ အားလုံးကို နှစ်သောင်းတန်နဲ့ ပေးတာမျိုးတော့မဟုတ်ဘူး။ ၁ သောင်း တန်၊ ငါးထောင်တန်၊ နှစ်သောင်းတန်ကို မျှပေးတာပါ။ နှစ်သောင်းတန် တွေနဲ့ချည်းပဲ လစာအကုန်ပေးတာမျိုးမဟုတ်ပါဘူး။ ဝန်ထမ်းအများစုရဲ့ လစာတွေ မှာ နှစ်သောင်းတန် အနည်းဆုံး ၁ ရွက်ပါပါတယ်” ဟု ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီက ခေါ်ယူထားသော ဝန်ကြီးဌာနဆိုင်ရာ အဆောက်အအုံ တင်ဒါများ၊ လမ်းတံတား တည်ဆောက်ရေး တင်ဒါများ အပါအဝင် အခြားသော တင်ဒါများတွင် ငွေပေးချေရာတွင် နှစ်သောင်းတန်ငွေစက္ကူများဖြင့်သာ အဓိကအသုံးပြု ပေးချေမည် ဖြစ်ကြောင်း သိရှိရသည်။
“လာမယ့် ဒုတိယလေးလပတ် ကာလ အစိုးရ တင်ဒါတွေမှာ အရစ်လိုက် ဝန်ကြီး ဌာန ဘက်က ငွေပေးချေတာမျိုးတွေမှာတော့ နှစ်သောင်း တန်တွေ ချည်းပေးဖို့ ရှိပါတယ်။ တဖြည်းဖြည်းတော့ ငွေကြေးစျေးကွက်ထဲမှာ နှစ်သောင်းတန်တွေ စိမ့်ဝင်သွားဖို့ရှိပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည် တော် သတင်းရင်းမြစ်က ပြောဆိုသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် မာရဝိဇယရုပ်တုပြီးစီး မှုနှင့် ဆင်ဖြူတော် ၁ နှစ် အပြည့် အမှတ်တရ ထုတ်ဝေသည်ဆိုသော နှစ်သောင်းတန်ငွေစက္ကူများကို အကြမ်းဖက်စစ်ကောင်စီက ယခုအခါ ငွေကြေးစျေးကွက်အတွင်းသို့ အလုံး အရင်းဖြင့် ထည့်သွင်းအသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။