မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ ဗိုလ်တစ်ဦးနှင့် တပ်သားလိုက်ပါလာသည့် အိမ်စီးကားတစ်စီး တိုက်ခိုက်ခံရပြီး တပ်သားဖြစ်သူအား လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
မေလ ၂၇ ရက် ညနေ ၅ နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာသို့ စစ်သား ၆ ဦးပို့ဆောင်ပြီး ပခုက္ကူမြို့ဘက်သို့ ပြန်လာသော စစ်ဗိုလ်နှင့် တပ်သားတို့လိုက်ပါလာသည့် မတ်တူးယာဉ်တစ်စီးကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ စစ်သားတစ်ဦးကို MA 3 သေနတ် တစ်လက်၊ MA 5 သေနတ် တစ်လက်၊ ကျည်ဘောက်က နှစ်ခု၊ ကျည် ၅၆ တောင့်တို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ စစ်ဗိုလ်ဖြစ်သူမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း King Cobra PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပစ်တဲ့နေရာနဲ့ မီတာ ၂ဝဝ အကွာမှာထိုးရပ်သွားတာပါ။ ထိုးရပ်သွားတဲ့အချိန်ကျွန်တော်တို့ဘက်က လိုက်ပစ်ခဲ့ရတာပါ။ ကားရပ်ချိန် ခွေးဗိုလ်ကြီးက ပြန်ပစ်ပြီး သေနတ်ဂျန့်ဖြစ်သွားမှ သေနတ်ချပြီးထွက်ပြေးတာ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
အရှေ့ဘုန်းကံကျေးရွာရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ပစ်ကူခဲ့ပြီး စစ်ကူများလည်းရောက်ရှိလာ၍ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို King Cobra People Defense Force ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၆) တပ်စု ၃၊ တပ်ခွဲ(၃) ဒေါင်းညီနောင်တပ်ဖွဲ့နှင့် ပြည်သူ့အားမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အရှေ့ဘုန်းကန်ရွာသည် စစ်ကောင်စီကတပ်စွဲထားပြီး ပျူစောထီးအားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများကလည်း မကြာခဏ လာရောက်တိုက်ခိုက်နေသည်။