မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်နှင့် ဂွေးချိုပျူစောထီးကျေးရွာတို့ရှိ စစ်ကောင်စီတပ်အား တာဝေးပစ် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူအခြေစိုက် Cobra One အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၂၀ ရက်) နေ့လယ် ၁၂ နာရီခန့်က ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရော့ကတ်နှစ်စ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One အဖွဲ့က အသိပေးသည်။
ထို့အပြင် ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ဂွေးချိုပျူစောထီးကျေးရွာကိုလည်း တာဝေးပစ် ရော့ကတ် ၁၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ မြေပြင်သတင်းပေးချက်အရ စစ်သား နှစ်ဦး၊ ပျူစောထီး သုံးဦး သေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Cobra One အဖွဲ့က ဆိုသည်။
“ဂွေးချိုမှာစစ်တပ်က တပ်စွဲထားတာကြာပြီ။ ကျွန်တော်တို့ဒရုန်းနဲ့ ထောက်ကြည့်ထားတာဆိုတော့ပစ်တဲ့ အလုံးတိုင်းပျူရွာထဲကို ကျပါတယ်။နေရာလေးတွေကတော့ တစ်လုံးနဲ့တစ်လုံးကျတာခြင်းတော့မတူဘူးပေါ့။ ပစ်မှတ်ကတော့ အကုန်လုံးကျပါတယ်။”ဟု Cobra One အဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောသည်။
အဆိုပါဖြစ်စဥ်များအတွင်း စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ခိုက်မှုများကို Cobra One ပခုက္ကူကျေးလတ်ကာကွယ်ရေး၊ TATY PKU၊ စနေမင်း-ပြည်သူကာကွယ်ရေးမြိုင်၊ 7-star ရေစကြိုနှင့် ဘငြိမ်းပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Cobra One အဖွဲ့နှင့်မဟာမိတ်များသည် ဒီဇင်ဘာ ၁၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဘုန်းကန်ပျူစောထီး ကျေးရွာအား တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့သည်။