မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်နှင့် ပန်းတိုင်းခြုံရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေထိုင်ရာ အဆောက်အဦးအတွင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့ နည်းပညာတက္ကသိုလ် ဂိတ်ပေါက်၌ ပြည်သူများကို စစ်ဆေးပြီး ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Drone ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။
” စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက်တော့ အတည်ပြုနေတယ်။ စစ်ခွေးတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ တော်လှန်ရေး ရဲဘော်တွေေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ ပခုက္ကူ Local တပ်ပေါင်းစု၊ Urban Underground Revolution Force၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။