မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက်လမ်းမပေါ် ပခုက္ကူမြို့အနီးတနေရာ၌ အကြမ်းဖက်စစ် တပ်ယာဉ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defencse Force – PPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပခုက္ကူတပ်မ ၁၀၁ သို့ ထွက်လာသည့် အကြမ်းဖက် စစ်သား ၃၀၀ ခန့်ပါ စစ်ကြောင်းနှင့် ယာဉ်တန်းကို ပခုက္ကူ-ပေါက်လမ်းမပေါ် ပခုက္ကူမြို့နှင့် ၈ မိုင်ခန့် အနီးအရောက် မိုင်းအကြီး ၂ လုံး ပွိုင့် ၂ ပွိုင့်နှင့် ည ၇ နာရီခန့်တွင် မိုင်းအကြီး ၂ လုံးပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ကားတန်းရော လုံခြုံရေးယူပေးတဲ့ ခြေလျင်ရော ထွက်လာတာ၊ သူတို့ပေါက်ကနေ ထွက်လာတာက တစ်ရက်နှစ်ရက်လောက်ရှိပြီ၊ ပခုက္ကူ-ကမ္မ-ပေါက်-ကျောက်ထုလမ်းပိုင်းပေါ့၊ ပခုက္ကူမြို့နဲ့နီးနေပြီ၊ ဒီနေ့တော့ ပခုက္ကူကိုရောက်သွားလောက်ပြီထင်တယ်၊ ၅ နာရီမှာက အဝါပုံး ၂ လုံးပွိုင့် ၂ ပွိုင့်၊ ည ၇ နာရီမှာက အဝါပုံး ၂ လုံးပွိုင့် ၃ ပွိုင့်နဲ့ ဆွဲခဲ့တာပါ” ဟု Pakokku People Defencse Force – PPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Pakokku People Defencse Force – PPDF နှင့် The Red Revolters အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။