ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့မှ ရေစကြိမြို့ဘက်သို့ ထွက်လာသော စစ်တပ် ရိက္ခာတင်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား ၂ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်မှလိုက်လာသည့်ကားမှာ နီးစပ်ရာ ပခုက္ကစက်မှုဇုန်ဂိတ်သို့ ပြန်လှည့်သွားကြောင်း သိရသည်။
“ရှေ့က ၂ စီးထိတယ်၊ ထိတော့ နီးတဲ့ ပန်းတိုင်းခြုံဂိတ်ကို ဝင်ပြီးတော့ နောက်ကားတွေက သူတို့တို့ နဲ့ နီးတဲ့ ပခုက္ကူ စက်မှုဇုန်ဂိတ်ကို ပြန်ဝင်သွားတယ်ဗျ၊ ပြီးတော့မှ ကင်းပုန်းချပြီးမှ ပန်းတိုင်းခြုံဂိတ်ကို ထပ်လာတာ၊ ရှေ့က ထိသွားတဲ့ ၂ စီးက လူနာတွေကိုတော့ မြို့ထဲကနေ နာရေးကား ၃ စီးနဲ့လာခေါ် တယ်၊ စက်မှုဇုန်ဂိတ်ကို ပြန်ဝင်သွားတဲ့ ထောက်ပို့ကာတွေက ကင်းပုန်းချပြီးမှ ထပ်ထွက်လာတာ၊ နောက်တစ်ခေါက်ကင်းပုန်းယူပြီးထွက်မှပဲ ရေစကြိုအထိရောက်သွားတာပေါ့” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။