မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှို့ နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်ထိခဲ့ကြောင်း၊ ဖလံအိုစံပြကျေးရွာကို ဝင်ရောက် စီးနင်းနေသော စစ်ကြောင်းမှာ ဇီးကုန်းရွာ၊ ရှင်မကန်ရွာ မန်ကျည်းကန်ရွာ၊ အောင်သာကျေးရွာတို့မှ စစ်သားများနှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေ အပြစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေကို ပစ္စည်းတွေ ခိုးယူပြီး မီးရှို့သွားပါတယ်။ အကြောင်းမဲ့ ဝင်ရှို့တာပါ။ အခုထိလောင်နေတုန်းပါ။ ခုတော့ မိန်းကလေးတစ်ယောက် ခေါင်းကျည်ထိမှန်တယ် ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလံအိုစံပြကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး ကျည်ထိမှန်သွားသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ထားကြောင်း၊ ပျူစောထီးများ ဝင်ရောက်မှုကြောင့် ဖလံအိုကျေးရွာရှိ ပြည်သူများ ရွာလုံးကျတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။