မကွေးတိုင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ တပ်ခွဲ(၂) မွမ်းမံ သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး အများပြည်သူ ထောက်ပံ့လှူဒါန်းမှုနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို သင်တန်းဆင်း ရဲဘော်တွေထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Young Force – UG တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)အောက်မှာ တပ်ဖွဲ့ (၈)ဖွဲ့အထိ ပါဝင်ပြီး မွမ်းမံသင်တန်းဆင်းတဲ့ ရဲဘော်တွေကို အများပြည်သူ ထောက်ပံ့မှုနဲ့ ဝယ်ယူထားတဲ့ လက်နက်တွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
“တစ်စုံတစ်တစ်ယောက်၊ တစ်ဦးတစ်ဖွဲ့ကို ကိုယ်စားပြုမည် မဟုတ်၊ ပြည်သူလူထု တရပ်လုံးအတွက် ရပ်တည်သွားမည် ဖြစ်ပါသည်။ Local များ အဖြစ်မှ MoD ၏ လမ်းညွှန်မှုအောက်ကို ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်မှ ပြည်သူလူထုထံသို့ ချပြခြင်း ဖြစ်ပါသည်။ တပ်ခွဲ(၂)တွင် တပ်ဖွဲ့ပေါင်း (၈)ဖွဲ့အထိ ပါဝင်ပြီး သင်တန်းဆင်းပွဲတွင် ရဲဘော်များထံသို့ စစ်လက်နက် ပစ္စည်းများကို တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ၎င်းပစ္စည်းများသည်လည်း ကျွန်တော်တို့ တပ်ဖွဲ့သို့ ပြည်သူလူထု၏ ထောက်ပံ့မှုဖြင့် ဝယ်ယူထားသည့် လက်နက်များကို မျှဝေပေးခြင်း ဖြစ်ပါသည်။ ပြည်သူလူထု လိုလားသော စည်းလုံးညီညွတ်မှုဖြင့် အရွေ့တစ်ခုထိ ရောက်အောင် ဆက်လက် ကြိုးစားသွားပါမည်။ ယနေ့အချိန်ထိ စိတ်ဓာတ် ခိုင်ခိုင်မာမာနှင့် ထောက်ပံ့ပေးခဲ့ကြသည့် ထောက်ပို့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို အထူး ကျေးဇူး တင်ရှိပါသည်” လို့ Young Force – UG က ဖော်ပြပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ကလည်း သူတို့ရဲ့ လက်အောက်ခံ PDF တပ်ရင်းတွေကို တပ်ရင်းတစ်ရင်း သေနတ်ငါးလက်နှုန်းနဲ့ လက်နက် တပ်ဆင်နေတာ ဖြစ်ပါတယ်။