ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံပုဂ္ဂလိကဆေးရုံမှာ ဖေဖော်ဝါရီ နှင့် မတ် လတွင် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ယင်းဆေးရုံကအသိပေးထားသည်။
ဆေးရုံယာယီပိတ်သိမ်းသည့် အကြောင်းအရင်း နှင့်ပတ်သက်၍ အထက်ညွှန်ကြားချက်ဟုသာ ဆေးရုံက အသိပေးထားပြီး အကြောင်းအရင်းကို အသေးစိပ်မဖော်ပြပေ ။ သို့သော် စစ်ကောင်စီဘက်မှ သတင်းရင်းမြစ် အချို့ အဆိုအရ ဆေးရုံတွင် CDM ဆရာဝန်ကို အလုပ်ခန့်ထားသည် ဆိုကာ စစ်ကောင်စီက ဖိအားပေး ပိတ်ခိုင်းခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။
စစ်ကောင်စီက မန္တလေးမြို့တွင် CDM ဆရာဝန်များ ၊ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားသည် စွပ်စွဲချက်ဖြင့် ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်တပ်က ဖိအားပေးပိတ်သိမ်းခဲ့ပြီး ယနေ့အထိပြန်လည်ဖွင့်လှစ်ခွင့်မရသေးပေ။
ပင်လုံဆေးရုံယာယီပိတ်သိမ်းမှု တွင်မူ ကြိုတင်သတိပေးပြီးမှ ပိတ်သိမ်းခြင်းဖြစ်၍ အခြားအကြောင်းအရင်းကြောင့် ယာယီ ပိတ်ခြင်းဖြစ်နိုင်ကြောင်းလည်း ဆရာဝန်တစ်ဦးကပြောသည်။
ပင်လုံဆေးရုံသည် ကင်ဆာရောဂါရှင်များအတွက် ဓါတ်ရောင်ခြည်ကုထုံး ကုသမှု လုပ်ဆောင်ပေးနေသည့် ပုဂ္ဂလိကဆေးရုံ ဖြစ်သောကြောင့် လူနာရှင်များ နစ်နာကြောင်း အခြားဆရာဝန်တစ်ဦးကလည်းပြောသည်။
“ရန်ကုန်ဆေးရုံကြီးက ဓါတ်ကင်ဖို့ အကြာကြီးစောင့်ရတော့ အဲဒီ့မှာပဲ ဓါတ်ကင်ရတာ။ကျောက်ကပ်ဆေး ၊ ဓာတ်ကင်တာတွေက ပင်လုံမှာပဲ အဓိကလုပ်ကြတာ ” ဟု ဆရာဝန်ကပြောသည်။
ဖေဖော်ဝါရီ နှင့် မတ်လတွင် ဆေးရုံ ယာယီပိတ်ထားမည်ဖြစ်သောကြောင့် ယင်းဆေးရုံ၌ ကုသမှုခံယူနေသူများကို အခြားဆေးရုံများသို့ လွှဲပြောင်းပေးထားကြောင်း စုံစမ်းသိရသည်။
ဆရာဝန်များအပါအဝင်ကျန်းမာရေးဝန်ထမ်းများသည် စစ်အုပ်စုအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်းတက်ကြွစွာဆန္ဒ ထုတ်ဖော်ခဲ့သလို ၊အကြမ်းမဖက်နည်းလမ်းဖြင့် အာဏာဖိဆန်ခြင်း (CDM) ကိုလည်း နိုင်ငံတစ်ဝန်းရှိကျန်းမာရေးဝန်ထမ်းအများအပြားကပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီက CDM ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီး၍ထောင်ချခြင်း ၊အကြမ်းဖက်သတ်ဖြတ်ခြင်း ၊နေအိမ်များကို စစ်အုပ်စုကသိမ်းဆည်းခြင်း ၊အလုပ် လုပ်၍ မရအောင် ပိတ်ပင်ခြင်း၊ပြည်ပသို့သွားရောက်၍ အလုပ်လုပ်ကိုင်မရစေရန် ပိတ်ပင်ခြင်း စသောနည်းလမ်းပေါင်းစုံဖြင့် အညှိုးတကြီး ဖိနှိပ်နေခြင်းဖြစ်သည်။