ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကို ပြောင်းဖူးလာပို့တဲ့ ဖယ်ခုံမြို့နယ်၊ ပူချယ်ရွာ ဒေသခံ ၂ ဦး စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်က ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာ နဲ့ ကသဲရွာကြားမှာ ပြောင်းပွဲရုံကို ပြောင်းသွားပို့တဲ့ ဖယ်ခုံမြို့နယ်၊ ပူချယ်ရွာသား ၂ ဦး ဖယ်ခုံအခြေစိုက် စစ်ကောင်စီ ခမရ ၃၃၆ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“နန်းဖမူ ဂိုဒေါင်ကို ပြောင်းသွားပို့တာ။ ဖယ်ခုံကထွက်လာတာ။ သူတို့ကပူချယ်ရွာသား။ ကားနဲ့လာပို့ပြီး လမ်းဘေးမှာကားရပ်နေတုန်း ထိမိတာ။ ကားနောက်မှာ လိုက်ထိုင်လာတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပြပါတယ်။
သေဆုံးသူအလောင်းကို ပူချယ်ရွာကို မိသားစုက ပြန်သယ်သွားတယ်လို့ သိရပါတယ်။ ကျန်တစ်ဦးရဲ့ အခြေအနေကိုတော့ သေချာမသိရပါဘူး။
ပူချယ်ရွာဟာ ဖယ်ခုံမြို့နဲ့ ကပ်လျက်ရှိတဲ့ ရွာဖြစ်ပြီး ကုံးဆုံကျေးရွာအုပ်စုအတွင်း ပါဝင်ပါတယ်။ ရှမ်း – ကယား နယ်စပ်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒေသခံတွေဟာ ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းနဲ့ ရှမ်းတောင် ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတွေကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပါတယ်။
၁၁.၁၁စစ်ဆင်ရေးမှာ မိုးဗြဲနဲ့ ဖယ်ခုံကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ တပ်နဲ့ အမြောက်တပ်တို့ကနေ လက်နက်ကြီးတွေ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်နေတာလို့ သိရပါတယ်။
နောက်ပိုင်းမှာ စစ်ရှောင်တွေအတွက် ထောက်ပံ့မှုအရမ်းနည်းလာတဲ့အတွက် လယ်ပိုင်၊ ယာပိုင်ရှိတဲ့သူတွေက စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် တွေမှာ အရဲစွန့်ပြန်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။
သို့သော်လည်း မြေသြဇာဈေး၊ စက်သုံးဆီဈေး အဆမတန်မြင့်တက်နေတဲ့အပြင် သီးနှံပွဲရုံတွေက ဈေးနှိမ်တာတွေကြောင့် အရင်းရအောင်တောင် အသက်အန္တရာယ်ကြားက စားဝတ်နေရေးအတွက် ရောင်းချနေရပါတယ်။