ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် PNO ခေါင်းဆောင် ၁ ဦးပစ်ခတ် ခံရပြီးသေဆုံးကာ ပစ္စတို သေနတ်နှင့် WY ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက ပင်လောင်းမြို့နယ်၊ နန့်တုတ်ကျေးရွာရှိ နယ်မြခံ PNO ခေါင်းဆောင် ၁ ဦး၏ နေအိမ်ကို PEKHON PDF-2(B-1006) ခွဲ-1 တပ်စုတစ်စုမှ ဝင်ရောင် စီးနင်းရာ ပြန်လည်ခုခံ သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PNO ခေါင်းဆောင် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ PNO ခေါင်းဆောင်ထံမှ ၎င်းကိုင်ဆောင်သည့် ပစ္စတို ၁ လက် ၊ 9 mm ကျည်အနည်းငယ် ၊ WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ခေါင်ပြန်ရွာတွင် ပျူစောထီးအဖွဲ့ဝင် ကြည်စိုးကို ၎င်းနေအိမ်၌ပင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၇ နာရီခန့်တွင် ဇာဒီရွာမှ ပျူစောထီးအဖွဲ့ဝင် သက်မောင် (ခ) ဘစ်မောင် သည် လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်မောင်းကို ကျည်ရှပ်ထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုက သတိပေးစာ ပေးပို့ဖူးပြီး အကြမ်းဖက် စစ်တပ် ဆက်လက် ပူးပေါင်းနေသောကြောင့် ပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။