ရှမ်း-ကရင်နီနယ်စပ်၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာ တစ်၀ိုက်မှာ စစ်ကောင်စီက အင်အား ဖြည့်တင်းပြီး စစ်ရေး လှုပ်ရှား နေတာကြောင့် ၂ ဖက် စစ်ရေး တင်းမာနေတယ်လို့ ဖယ်ခုံ PDF တာ၀န်ရှိသူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အစပိုင်းကသပြီး စစ်ကောင်စီတပ် အင်အား အမြောက်အများ အသုံးပြုကာ တောင်မဲသင်းကျေးရွာ တစ်၀ိုက် နယ်မြေရှင်းလင်းရေး ပုံစံနဲ့ စစ်ရေး လှုပ်ရှားနေရာ လက်ရှိ ကျေးရွာ အတွင်းက ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေပေါ်မှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
“တောင်မဲသင်း တစ်ချို့ ကျန်ခဲ့တယ်။ တပ်စွဲထားတယ်။ အင်အားတော့ များတာတော့ သိတယ်။ ဘယ်လောက် ရှိမလဲတော့ မသိဘူး။ စစ်ရေးကတော့ တင်းမာနေတာပေါ့။ ကျော်လာရင် ကျွန်တော်တို့ကတော့ ပစ်မှာ” လို့ ဖယ်ခုံ PDF တာ၀န်ရှိသူက ရှင်းပြပါတယ်။
လက်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ တောင်မဲသင်းကျေးရွာနဲ့ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ တောင်စလုံး၊ မြောက်စလုံးကျေးရွာကြားမှာ တစ်မိုင်ခန့်သာ ကွာဝေးပြီး ကားလမ်းရှိတာကြောင့် တစ်ဖက်က စည်းကျော်လာတာနဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနိုင်တယ်လို့ ဖယ်ခုံ PDF ကပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် နယ်စပ်ဖြစ်တဲ့ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်မှာ မတ်လ အစောပိုင်းကနေ မေလ နှောင်းပိုင်း အထိ ၃ လကျော်ကြာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လက်ရှိ တိုက်ပွဲတွေ ငြိမ်သက်နေတာ လအနည်းငယ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း နိမ့်နိန်းကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအ၀င် အရပ်သား ၃၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က ထုတ်ပြန်ထားပါတယ်။