ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပအိုဝ်းပြည်သူ့စစ် (PNA) ဟိုပုံးကိုရင်လေး လက်အောက်ခံတပ်ရင်းက အခြေခံ စစ်သင်တန်း ၂ လ သင်ကြား ပေးရာမှာ လာမယ့်နှစ် Grade 11,12 တက်ရောက်မယ့် ကျောင်းသားတွေကိုလည်း ၃ ရက် တက်ရောက်ခိုင်း ခဲ့တယ်လို့ ဆိုပါတယ်။
လိန်းညာရွာခံ အမျိုးသားတစ်ဦးက “သူတို့ကတော့ ရွာကိုကာကွယ်ဖို့လို့ ပြောတာပဲ။ ကျောင်းသားတွေလည်း တက်ပေးရမယ်ပေါ့နော်။ စစ်မှုထမ်းကတော့ လိုအပ်မှခေါ်မယ်လို့ ပြောပေမယ့် အခုကတည်းက လန့်နေရပြီ” လို့ ပြောပါတယ်။
အဲ့ဒီစစ်သင်တန်းကို ညောင်မှူးရွာ မြောက်ဘက်၊ ကောင်ပလောင်နားမှာပြုလုပ်ခဲ့ပြီး ဆီဆိုင်တိုက်ပွဲကာလ အစပိုင်းတုန်းကလည်း အဲဒီနေရာမှာစစ်သင်တန်း တစ်ကြိမ်ပေးခဲ့ဖူးတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
စစ်သင်တန်းကို ထီဗွာ၊ လိန်းညာ၊ တခါးယဥ်၊ ဟံတနား၊ ညောင်မှူး၊ တတောက် စတဲ့ကျေးရွာတွေက အသက် ၁၅ နှစ်ကနေ ၄၀ ကြား အမျိုးသားတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တခါးယဥ်ရွာခံတစ်ဦးက “တချို့ကတော့ Covid-19 နဲ့ အာဏာသိမ်းတာနဲ့ ကျောင်းမတက်ရတော့ အသက်ကြီး ကုန်တာပေါ့။ ဒါမဲ့လည်း ၁၅၊ ၁၆ အရွယ်တွေလည်း တက်ခိုင်းတာပဲ။ ရွာကို ကာကွယ်ဖို့ဆိုပေမယ့် ပြည်သူ့စစ်ရောက်လာမှ ကာကွယ်နေရသလိုပဲ။ သူတို့မရှိရင် ဘာစစ်ပွဲမှ မရှိဘူး” လို့ ပြောပါတယ်။
PNA ကပေးတဲ့ စစ်သင်တန်း မတက်ရောက်သူတွေဟာ စစ်ကောင်စီ စစ်မှုထမ်းခေါ်ယူမယ်လို့ စာထုတ်ပြန် ထားတာကြောင့် ကျောင်းသားတွေကို တက်ရောက်ခိုင်းတာလို့ ကျောင်းသားမိဘတချို့ကြားမှာ ပြောဆို နေကြပါတယ်။
လိန်းညာကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းကလည်း စစ်မှုထမ်းအတွက် လူ ၆ ဦး မဲနှိုက်ခဲ့ပြီး မဲပေါက်သူတွေက စစ်မှုမထမ်းလိုတာကြောင့် လူစားထိုးစရိတ်အတွက် တစ်အိမ် ၄ သောင်းခွဲကျပ်စီ PNA ကို ပေးဆောင်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။