ပင်းတယမြို့နယ်၊ သပြေကုန်းရွာ၊ ဇော်ဂျီမြစ်အနီးမှာ နယ်မြေခံ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ ရဲတွေက လေးကောင်ဂျင် လောင်းကစားဝိုင်းဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီလေးကောင်ဂျင်ဝိုင်းကို ၂၀၂၃ နှစ်ဆန်းပိုင်း ဇန်နဝါရီလလောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်ခံပျူစောထီးခေါင်းဆောင်တွေက လိုင်းကြေးယူ ဖွင့်လှစ်ထားတာလို့ သိရပါတယ်။
“ဖွင့်ထားတာ ငါးလရှိပြီ။ နေ့တိုင်းရဲတွေ လုံခြုံရေးပေးထားပြီး နယ်မြေခံ အုပ်ကြီး၊ ပျူခေါင်းဆောင်တွေက လိုင်းကြေးယူတယ်။ နယ်မြေခံတွေက စိုက်ပျိုးရေးလုပ်ပြီး ကစားကြတော့ မိသားစုတွေ တော်တော်များ ဒုက္ခရောက်နေကြတယ်။ ကြက်သွန်စိုက်တဲ့ရွာတွေ ကြက်သွန်ဈေးက ရလည်း ဂျင်ဝိုင်းသွားတော့ ကြက်သွန်ဖိုးမသုံးရတဲ့အပြင် မြေသြဇာဖိုးအကြွေးတွေ ပိနေကြတယ်” လို့ ကျေးရွာဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သပြေကုန်းရွာမှာ လေးကောင်ဂျင်ဝိုင်း ၂ ဝိုင်းမှ ၅ ဝိုင်းထိရှိတတ်ပြီး တစ်ရက်လျှင် သိန်း ၂၀ ကနေ ၂၅ သိန်းထိ ပျူစောထီးခေါင်းဆောင်တွေကို လိုင်းကြေးပေးရတယ်လို့ ဆိုပါတယ်။
လပြည့်၊ လကွယ်၊ ရုံးပိတ်ရက်နဲ့ အနီးတဝိုက်ရွာတွေဖြစ်တဲ့ သပြေကုန်းရွာ၊ ကံသာရွာ၊ ရှောက်ချိုရွာ၊ လယ်ပြင်ရွာ၊ လေထိုးကုန်းရွာတို့မှာ မင်္ဂလာပွဲ၊ အလှူပွဲတွေရှိရင် လောင်းကစားဝိုင်းမှာ လူပိုစည်တတ်တယ်လို့ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တော်လှန်ရေးအင်အားစုထဲ ရဲဘော်တွေအဖြစ်ပါဝင်ကြတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ရဲတွေက ဒေသခံပျူစောထီး၊ စစ်တပ်ထောက်ခံသူတွေအကူအညီနဲ့ လောင်းကစားဝိုင်းတွေ အတင်းဖွင့်ခိုင်းထားပါတယ်။