မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးနဲ့အတူ ပစ်ခတ်ခံခဲ့ရတဲ့ ပျူစောထီးဆိုသူ သေဆုံးသွားပြီလို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၁ နှစ်ဝန်းကျင် ကိုလင်းလင်းစိန်ဖြစ်ပြီး မကွေးဆေးရုံမှာ ဆေးကုသချိန် ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့ညနေ ၆ နာရီခွဲ ဝန်းကျင်က သေဆုံးတာလို့ သိရပါတယ်။
“အလောင်းကို ဆေးရုံကနေ ရွာကို ပြန်တိုက်(ပြန်သယ်)လာတာ သေချာပါတယ်။ သင်္ဂြိုဟ်တာကိုတော့ စုံစမ်းမထားမိဘူး”လို့ တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကိုလင်းလင်းစိန်နဲ့ ချင်းသပြေပင်ရွာ အုပ်ချုပ်ရေးမှူးကိုနန်းဝင်းတို့ကို ဖေဖေါ်ဝါရီ ၂၀ ရက် ညနေ ၅ နာရီခွဲလောက်က ကသာရွာ ကြက်တိုက်ဝိုင်းက ဆိုင်ကယ်နဲ့အပြန် သဲဖြူရွာနဲ့ ချင်းသပြေပင်ရွာကြားမှာ တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးက ပွဲချင်းပြီးသေကာ(https://www.myaelattathan.org/articles/တောင်တွင်းကြီးမှာ_ပြည်သူ့စစ်ကိုထောက်ပံ့ဖို့ငွေတောင်းတဲ့_အုပ်ချုပ်ရေးမှူးတဦးပစ်သတ်ခံရ) ကိုလင်းလင်းစိန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ကိုလင်းလင်းစိန်ဟာ သေနတ်နဲ့ ငါးချက်လောက်ပစ်ခတ်ခံရတဲ့အတွက် ပစ်ခတ်ခံရပြီးချိန်မှာ စစ်အုပ်စုက မကွေးဆေးရုံကို ပို့ခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ ကိုလင်းလင်းစိန်တို့ဟာ ကျေးရွာနေပြည်သူတွေဆီကနေ ပြည်သူ့စစ်တွေကို ထောက်ပံ့ဖို့ တအိမ်ကို ကျပ်သုံသောင်းတောင်းခံတာမှာ ဦးဆောင်သူတွေလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက် ည ၈ နာရီလောက်မှာ မကွေးတိုင်း၊ ကံမမြို့နယ်၊ ကျောက်မဲရွာက ပျူစောထီးခေါင်းဆောင် ကြက်ကြော်နဲ့ ည ၉ နာရီလောက်မှာ ငမဲရွာ အုပ်ချုပ်ရေးမှူး ကိုအေးဇော်တို့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။