ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပတ်စ်ပို့စ်သက်တမ်းတိုးတဲ့အခါ အခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီက ကြေညာလာပါတယ်။
အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job – PJ) နဲ့ သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS) အမျိုးအစားတွေကိုင်ဆောင်ထားသူတွေ သက်တမ်း တိုးလျှောက်တဲ့အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမယ်လို့စစ်ကောင်စီက သတ်မှတ်လိုက်တာပါ။
ပြည်တွင်းအခွန်ဦးစီးဌာန က ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ယူလာရမယ်ဆိုတာကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ ကြေညာထားတာလို့ သိရပါတယ်။
” ဝင်ငွေခွန် ဆောင်ထားတဲ့ ထောက်ခံချက် တောင်းတာ” လို့ PJ ပတ်စ်ပို့စ် သက်တမ်း တိုးဖို့ နိုင်ငံကူးလက်မှတ်ရုံးမှာ သွားရောက်စုံစမ်းခဲ့သူ လူငယ်အမျိုးသားတစ်ဦးက ပြောပြပါတယ်။
လက်ရှိပြည်တွင်းမှာ ဝင်ငွေကောက်ခံရာမှာ တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ ကြားရရင် အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ နဲ့ ၂၀၀ကြား ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ ကနေ ၃၀၀ကြားထိ ရရင် ၂၀ ရာခိုင်နှုန်း နဲ့ ကျပ် သိန်း ၃၀၀ အထက် ဝင်ငွေရနေသူတွေကို ၂၅ ရာခိုင်နှုန်းကောက်ခံနေတာပါ။
ပြည်တွင်းမှာနည်းတူ စစ်ကောင်စီဟာ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဆီကလည်း လက်ရှိ အောက်တိုဘာလ ၁ ရက်နေစတင်ပြီးအခွန်ကောက်မှာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို အခွန်ကောက်ရာမှာ နိုင်ငံခြားငွေနဲ့အခွန်ကောက်မှာဖြစ်ပြီး နည်းလမ်း ၂ သွယ်နဲ့ကောက်ယူမယ်လို့စစ်ကောင်စီက ကြေညာထားပါတယ်။
ပထမနည်းလမ်းက ပြည်တွင်းမှာ ကောက်ယူနေတဲ့ ဝင်ငွေခွန် နှုန်းထားနဲ့ ကောက်မှာဖြစ်ပြီး ၊ ဒုတိယနည်းကတော့ ဝင်ငွေကို ၂ ရာခိုင်နှုန်း အခွန်ကောက်မှာပါ။