နွေဦးတော်လှန်ရေး လိုအပ်ချက်တွေကို စုပေါင်း ဆွေးနွေးခဲ့တဲ့ ပထမ အကြိမ် စစ်ကိုင်း ဖိုရမ်ကို မနေ့က အွန်လိုင်းက တစ်ဆင့် ပြုလုပ်ခဲ့တဲ့ အပေါ် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ-PNFC က ဝမ်းမြောက်ကြောင်း ဂုဏ်ပြု သဝဏ်လွှာ ပေးပို့လိုက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
တော်လှန်ရေး အောင်မြင်ဖို့ အဓိက သော့ချက်ဟာ EROs ၊ PDF ၊ LPDF ၊ ပကဖ နဲ့ ပအဖ အပါအဝင် ဒေသခံ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး ဒေသအလိုက်နဲ့ နိုင်ငံတစ်ဝန်း တော်လှန်ရေး ဦးဆောင်မှု၊ နိုင်ငံရေး ဦးဆောင်နိုင်မှုက အဓိက ကျတယ်လို့ PNFC ကဆိုပါတယ်။
ရရာလက်နက် စွဲကိုင်ပြီး အစောဆုံး တိုက်ခိုက်ခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာ အခုမှ မဟုတ်ဘဲ ရှစ်လေးလုံး အရေးတော်ပုံကာလ ဩဂုတ် ၉ ရက်မှာ စစ်ကိုင်းတိုင်းက ပြည်သူ ၃၀၀ ကျော်ကို သတ်ကွင်းထဲ ထောင်ချောက်ဆင် ခေါ်ယူပြီး ပစ်သတ်တဲ့ လုပ်ရပ်ကို ပအိုဝ်း တစ်မျိုးသားလုံးနဲ့ ပြည်သူတွေ မေ့လို့မရသေးဘူးလို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီက ပြောပါတယ်။
နွေဦး တော်လှန်ရေးမှာ လက်နက်ကိုင် တော်လှန်ရေး အပါအဝင် နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေ စုပေါင်း ဆွေးနွေးခဲ့ကြတဲ့ စစ်ကိုင်း ဖိုရမ် အောင်မြင်ပြီး စစ်ကိုင်းတိုင်းကို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုရဲ့ စံပြ ဒေသကြီး အဖြစ် ထူထောင်နိုင်ပါစေလို့ PNFC က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။