ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းက ပန်တိန်းရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းအဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၇ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေသိမ်းပိုက်မိတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
အဲ့ဒီပန်တိန်းရွာဟာ မယ်စဲ့မြို့ အနောက်ဖက်မှာရှိပြီး စစ်ကောင်စီရဲ့စခန်းကုန်း ၃ ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က အသေအပျောက်များခဲ့တယ်လို့ Knlc က ဒီနေ့မှာထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းနေရာတွေဟာ ယခင်က စစ်ကောင်စီလက်အောက်ခံ BGF အဖွဲ့တွေ တပ်စွဲခဲ့တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မယ်စဲ့မြို့ကို ကရင်နီတော်လှန်ရေးအဖွဲ့တွေက ယခုနှစ် ဇွန်လမှာ ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။