လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာထဲကို စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်လာပြီး ရွာခံအချို့ကိုဖမ်းဆီးထားတယ်လို့ ဒေသခံကတွေက ပြောပါတယ်။
“ရွာထဲမှာ ဟိုလမ်းဝင် ဒီလမ်းဝင်နဲ့ သွားလာနေကြတယ်။ ရွာသား သုံးလေးယောက်လောက်ကိုတော့ သူတို့နဲ့အတူဖမ်းထားတယ်လို့ကြားရပါတယ်” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့သူ အရေအတွက်အသေးစိတ်ကိုတော့မသိရသေးပါဘူး။
အခုမနက် ၈ နာရီဝန်းကျင်လောက်ကစပြီး ခြေလျင်စစ်ကြောင်းအပြင် စစ်ကား ၅စီးခန့်နဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ နဘုလယ်ဒေသဘက်ကနေ ပန်းတင်အင်းရွာထဲကို ဝင်ရောက်လာတာဖြစ်ပြီး အင်အား ၁၀၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။
၉ နာရီခွဲဝန်းကျင်လောက်မှာတော့ လက်နက်ကြီးသံလို့ယူဆရတဲ့ ပစ်ခတ်သံနှစ်ချက်ကြားတယ်လို့လည်း ဒေသခံကဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကဆိုင်ကယ်အချို့ကို ကားတွေပေါ် တင်ဆောင်ထားတယ်လို့ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ပန်းတင်အင်းရွာထဲကဘုန်းကြီးကျောင်းမှာရှိနေကြပြီး ဖမ်းဆီးခံထားရသူတွေလည်း ပြန်လွတ်လာတာမရှိသေးဘူးလို့ သိရပါတယ်။
ပန်းတင်အင်းရွာကို အခုရောက်ရှိနေတဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းက နဘုလယ်ဒေသအတွင်းက ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။
အဲဒါကြောင့်ဒေသခံအများအပြား နီးစပ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ဒေသခံအချို့ နေရပ်ပြန်လာနေကြပြီလို့သိရပါတယ်။