နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို ပန်းသပိတ်ပြုလုပ်ပြီး ဂုဏ်ပြုမှာဖြစ်လို့ ပြည်သူလူထုတွေပါဝင်ကြဖို့ လူထုသပိတ် တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်း က ဆိုပါတယ်။
နေပြည်တော်အချုပ်ထောင်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတာကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်ပြုလုပ်ရတာလို့ လူထုသပိတ်တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက မြေလတ်အသံကို ပြောပါတယ်။
အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဓမ္မဖမ်းဆီးခံထားရတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားပေါင်း ၁၀၀၀၀ ကျော်ရဲ့ ဂုဏ်ကျေးဇူးကိုလေးစား အသိအမှတ်ပြု တန်ဖိုးထားတဲ့အနေနဲ့ရော ခေတ်အဆက်ဆက် တော်လှန်ရေးမှာရှေ့တန်းက ပါဝင်ခဲ့ကြတဲ့ တော်လှန်အမျိုးသမီးထုနဲ့ ပြည်သူအပေါင်းရဲ့ ဂုဏ်ကျေးဇူးကိုအသိမှတ်ပြုတဲ့အနေနဲ့ တနိုင်ငံလုံး ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကို ဆင်နွှဲကြဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ပန်းသပိတ်က ဘာကိုရည်ရွယ်ရသလဲဆိုရင် စစ်အာဏာရူးတွေက ကျနော်တို့ပြည်သူတွေကို ကြောက်ရွံတုန်လှုပ် သွေးပျက်သွားစေချင်တယ်။ ဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ ရွာတွေကို မီးရှို့နေတယ်။ ဒါပေမယ့်ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်သွေးက ရဲရဲနီတယ်။ သွေးကြောင်မသွားဘူး။ ကျနော်တို့က ဖိလေကြွလေဖြစ်တယ်။ တော်လှန်နေတဲ့ ပန်းတွေရဲရဲနီပြီး ဖွေးဖွေးလှုပ်လို့ ‘ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ’ ရှိတယ်ဆိုတဲ့ ပြည်သူတွေဖြစ်တယ်ဆိုတာ ပြချင်တာ ” လို့ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
ပန်းသပိတ်မှာလည်း ပြည်သူတွေအနေနဲ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပန်းနဲ့ပတ်သက်တဲ့ ဘုရားပန်းလဲတာ၊ ပန်းပန်တာ၊ ပန်းခူးတာ စတဲ့ဘယ်လိုလှုပ်ရှားမှုကိုမဆို အချိန်၊ ပန်းအမျိုးအစားနဲ့အရောင်အသွေး၊ နည်လမ်းကန့်သတ်တာတွေမရှိဘဲ၊ ပြည်သူတွေဉာဏ်ရှိသလို လက်လှမ်းမီသလို တီထွင်ကြံဆပြီးတော့ မြေပြင်နဲ့အွန်လိုင်းပေါ်မှာ လုံခြုံရေးအသိနဲ့ သတိရှိရှိ ပါဝင်ပေးကြဖို့လည်း ဆက်ပြောပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ ဒေါက်တာတေဇာဆန်းအနေနဲ့ ယခုလက်ရှိထောက်ပို့ကဏ္ဍမှာ ရဲဘော်တဦးအဖြစ်ပါဝင်နေသလို၊ လူထုသပိတ်တက်ကြွလှုပ်ရှားသူတဦး အဖြစ်လည်း ပါဝင်တော်လှန်နေသူတဦး ဖြစ်ပါတယ်။