တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ မငိုနဲ့ တဲ့ Music Videoက ၁၆ နာရီအတွင်းမှာ ကြည့်ရှူသူနှစ်သန်းပြည့်ခဲ့ပါတယ်။
အဲဒီသီချင်းမှာ ဖြူဖြူကျော်သိန်းနဲ့အတူ ဒေါင်းက ပါဝင်သရုပ်ဆောင်ပေးထားပြီး ၁၃မိနစ်ကျော် ကြာမြင့်ပါတယ်။
အာဏာသိမ်းဖြစ်စဉ်ကြောင့် တောထဲကိုရောက်သွားတဲ့ တော်လှန်လူငယ်တစ်ဦးနဲ့ ပြည်ပမှာရောက်နေတဲ့သူ့ရဲ့ ချစ်သူတို့ အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။
ဒီသီချင်းကို မေလ ၁၉ ရက် ည ၇ နာရီမှာ ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ မှာတင်ခဲ့တာဖြစ်ပြီး လေးနာရီအတွင်းမှာ ကြည့်ရှူသူ တစ်သန်းပြည့်ခဲ့ပါတယ်။ ၁၆ နာရီအကြာမှာတော့ နှစ်သန်းပြည့်ခဲ့ပြီး အခုဆိုရင် ကြည့်ရှူသူ နှစ်သန်းကျော်သွားပါပြီ။
မငိုနဲ့ တဲ့ သီချင်းကို ဖြူဖြူကျော်သိန်းကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်က Audio အနေနဲ့ အွန်လိုင်းပလက်ဖောင်းတွေမှာ တင်ထားခဲ့ပါတယ်။
ဒီသီချင်းမှာပါဝင်တဲ့ ဇာတ်လမ်းအကြောင်းအရာကို ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ကြပြီး မငိုနဲ့ ဆိုပေမယ့် ငိုရတယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။
ဒီသီချင်းရဲ့ Music Video ကို ဖြူဖြူကျော်သိန်းရဲ့ တရားဝင် YouTubeမှာလည်း တင်ထားပြီး ကြည့်ရှူသူ သုံးသောင်းခန့်ရှိပါတယ်။
ဖြူဖြူကျော်သိန်းက နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက ပြည်သူ့ဘက်မှာ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ခံစားရတဲ့ အကြောင်းအရာတွေကို သီချင်းတွေအဖြစ် ကိုယ်တိုင်ရေးသားဖန်တီးနေသူဖြစ်ပါတယ်။