ပလက်ဝဒေသတိုက်ပွဲအတွင်းကနေ ရန်သူ့အလောင်းတွေနဲ့ လက်နက်တွေ AAထပ်မံရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AAက မနေ့က ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ပလက်ဝဒေသတစ်ခုလုံးကို အကြမ်းဖက် စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်လာနိုင်ဖို့ ပလက်ဝမြို့ပတ်ဝန်းကျင်က အနည်းငယ်ကျန်ရှိနေသေးတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စခန်းတွေကို ဆက်လက်ချေမှုန်းတိုက်ခိုက်နေတာပါ။
ဒါကြောင့် ဇန်နဝါရီ ၉ရက်မှာလည်း ပလက်ဝမြို့ပတ်ဝန်းကျင်မှာ ရက္ခိုင့်တပ်တော်နဲ့ အကြမ်းဖက် စစ်တပ်တို့ အကြားတိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့တယ်လို့ AAက အသိပေးထားပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်ကလည်းလက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ် တွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေသလို ရက္ခိုင့်တပ်တော်ကလည်း အပြီးသိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အဲဒီဇန်နဝါရီ ၉ရက် တိုက်ပွဲအတွင်းကနေ ရန်သူ့အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း အမြောက်အမြားတို့ ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AAက အသိပေးဖော်ပြထားပါတယ်။
ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော်အစပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မီးဝဗျူဟာကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်နေတာပါ။
မီးဝဗျူဟာကုန်းတိုက်ပွဲမှာလည်း အကြမ်းဖက် စစ်တပ်ဘက်ကနေ ဂျက်တိုက်လေယာဉ်တွေကို ကြိမ်ဖန်များစွာသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း AAက အသိပေးထားပါတယ်။