စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ ချင်း ပြည်နယ် ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပလက်ဝဒေသ စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး ကနဦးအနေနဲ့ စစ်ကောင်စီရဲ့ တရွန်အိုင်နဲ့ နှုံးဘူးဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့် နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီစခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပလက်ဝဒေသတစ်ခုလုံးကို စစ်ရေးအရ စီမံခန့်ခွဲအမိန့်ပေးကွပ်ကဲနေတဲ့ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအ မြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။
ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ နှမဒါဗျူဟာစခန်းကိုလည်း ဇန်နဝါရီ ၁၄ ရက် နေ့လည် ၃ နာရီခန့်မှာ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့အာ ဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကြောင်းနဲ့ ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီလို့ အသိပေးထားပါတယ်။
ပလက်ဝတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တစ်ဦးချင်းဖြစ်စေ အုပ်စုငယ်အလိုက်ဖြစ်စေ လက်နက် ဒါမှမဟုတ် လက်နက်မဲ့ဖြင့် ထွက်ပြေးရောက်ရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားကြဖို့ AA က တိုက်တွန်းထားပါတယ်။