ချင်းပြည်နယ်၊ ပလက်ဝဒေသ၊ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဆန် နဲ့ ငွေသားတချို့ကို ထောက်ပံ့ ကူညီပေးခဲ့တယ်လို့ ညီနောင် ၃ အဖွဲ့က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (UNITED LEAGUE OF ARAKAN) မှ ဇန်နဝါရီ ၂၄ ရက်မှာ အိမ်ထောင်စု ၁ စုလျှင် မြန်မာငွေကျပ် ၂ သိန်း ၆၅၀၀ ကျပ် နဲ့ ဆန် ၇၃ ဗူးစီကို အိမ်ထောင်စုပေါင်း ၁၂၁ စုအား ထောက်ပံ့ ကူညီပေးခဲ့ခြင်းဖြစ်တယ်လို့ အသိပေးပါတယ်။
ပလက်ဝဒေသ ၊ မြိတ်ဝကျေးရွာမှာ ၂၀၂၂ ခုနှစ် ၊ သြဂုတ်လမှစတင်ကာ အိန္ဒိယနိုင်ငံ နဲ့ ရက္ခိုင်ပြည်နယ်တို့က စစ်ဘေးရှောင် အိမ်ထောင်စု ၁၃၆ စုရှိရာ လက်ရှိအချိန်မှာ နေရပ် ပြန်လည်နေထိုင်တဲ့ စစ်ရှောင် အိမ်ထောင်စု ၁၂၁ စုသာ ရှိတော့တယ်လို့ ဆိုပါတယ်။
ကျန်အိမ်ထောင်စုများမှာ အိန္ဒိယနိုင်ငံဘက်အခြမ်း နဲ့ ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်တို့မှာ ဆက်လက်နေထိုင်လျှက်ရှိနေတယ်လို့ ပြောပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် စစ်ပွဲကာလအတွင်း ဆင်းရဲဒုက္ခများကို အတူရင်ဆိုင် ခဲ့ကြသလို၊ စစ်ပွဲမရှိတဲ့အချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ပြည်သူ့အကြပ် အတည်းများကို အတတ်နိုင်ဆုံး ဖြေရှင်း ကူညီပေးသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထား ပါတယ်။