ချင်းပြည်နယ်၊ပလက်ဝနဲ့ဆမီးမြို့နယ်တိုက်ပွဲများအတွင်း ထွက်ပြေး လွတ်မြောက်နေတဲ့ အကြမ်းဖက် စစ်သားများကို ချင်းတော်လှန်ရေး မဟာမိတ်အဖွဲ့မှ နယ်မြေရှင်းလင်းရေးအဖြစ် ဆောင်ရွက်ခဲ့ရာ ရန်သူ တပ်သား ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)က ဒီနေ့ရက်စွဲနဲ့ အသိပေးထားပါတယ်။
စံတပ်ရွာမှာ အကြမ်းဖက်စစ်တပ် နဲ့ ချင်းတော်လှန်ရေး မဟာမိတ် တပ်ဖွဲ့တို့ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူတပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီခန့်မှာ ပလက်ဝနဲ့ဆမီး မြို့နယ်တွေမှာ တိုက်ခိုက်ခံရမှုကြောင့် ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်သားများကို ချင်းတော်လှန်ရေးညီနောင်တပ်ဖွဲ့မှ လိုက်လံ ရှင်းလင်းခဲ့ရာ ရန်သူ တပ်သား ၃ ဦးသေဆုံးပြီး၊ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
အကျအဆုံးများနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များက စံတပ်ကျေးရွာ ပြည်သူ့ဆေးရုံကို ဖျက်ဆီးသွားပြီး ဆေးရုံအတွင်းမှာရှိတဲ့ ဆေးဝါးများ၊မီးစက်များနဲ့ဆိုင်ကယ်များကို မီးရှို့သွားခဲ့ ပါတယ်။
ဇန်နဝါရီ ၂၂ ရက်မှာ အကြမ်းဖက်စစ်တပ်မှ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူအမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားခဲ့ရာ၊ အမျိုးသမီး ၅ ဦးကိုပြန်လွှတ်ပေးပြီး၊ အမျိုးသား ၃ ဦး ပြန်လည် ရောက်ရှိလာခြင်းမရှိသေးဘူးလို့ အသိပေးထားပါတယ်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)အနေဖြင့် မဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြတဲ့ CDF-Paletwa ၊CAN၊ CDF-Daai ပူးပေါင်းအဖွဲ့များဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်များကို နှိမ်နင်း လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။