ချင်းပြည်နယ် ၊ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက အခိုင်အမာတည်ဆောက်ထားသော “တရွန်အိုင်ဗျူဟာ”စခန်းကုန်းကြီးတစ်ခုလုံးအား ရက္ခိုင်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ၁၄ ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၁ ရက်အကြာ ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ် (၁) နာရီ (၀၄) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
“ထိုးစစ်ရက်ပေါင်း (၂၁) ရက်ခန့်ကြာမြင့်ခဲ့ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ကာလအတွင်း ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓါတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံး
အဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်”ဟုAA နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်သည်။
နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေနှင့် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းအရေအတွက်ကိုမူဖော်ပြထားခြင်းမရှိသေးပေ။
ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟုလည်းဖော်ပြထားသည်။
နောက်ထပ်ကျန်ရှိနေသော “နှုံးဘူးဗျူဟာကုန်း” ကိုလည်း AA ကအပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟုလည်းအသိပေးသည်။
“တရွန်အိုင်ဗျူဟာ”ကုန်းသည်စစ်ရေးအရ အလွန် အရေးပါပြီး မြန်မာ-ဘဂ်လားဒေရှ်နယ်စပ်နှင့် နယ်စပ်ကုန်သွယ်ရေးအတွက်ပါအလွန်အရေးပါကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။ တရွန်အိုင်ဗျူဟာ ကုန်းသိမ်းနိုင်ပြီဖြစ်၍ ကျန်နေသော “နှုံးဘူးဗျူဟာကုန်း”ကိုသိမ်းပိုက်ရန်လွယ်ကူသွားပြီဖြစ်ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်အချို့ကသုံးသပ်သည်။
ရက္ခိုင့်တပ်တော်မှ သိမ်းထားသော စစ်တပ်စခန်းကုန်းများ၊ စစ်တပ်စွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက်” အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် ” Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါသည်”ဟုလည်း ဖိတ်ခေါ်ထားသည်။ ထို့ကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်ဟုလည်းဖော်ပြထားသည်။