ချင်းပြည်နယ် ပလက်ဝ တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီး AA က အပြီးသတ် သိမ်း ပိုက်ရရှိပြီးနောက် စစ်ကောင်စီ၏ နှုးဘူးဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် တရွန်အိုင်ဗျူဟာကုန်းနှင့် တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အခြားသော ဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုးဘူးဗျူဟာကုန်းကိုလည်း ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ၂၃ ရက်မြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
AA ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းမှ သိမ်းဆည်းရရှိသည့် ဟောင်ဝစ်ဇာအမြောက်၏ ပုံကို ပါ ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ဂျက်လေယာဉ် များ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် နှုးဘူး ဗျူဟာကုန်းအတွက် ခုခံစစ်ကိုဆင်နွှနေသကဲ့သို ရက္ခိုင့်တပ်တော်ဘက်မှလည်း အဆိုပါဗျူဟာကုန်းအား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာပြင်းထန်လျက်ရှိကြောင်း သိရှိရသည်.
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးတစ်ခုလုံးအား ရက် ပေါင်း ၂၀ ကျော်ကြာ တိုက်ခိုက်ရာမှ ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးတစ်ခုလုံးအား ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ် ၁ နာရီကျော်ခန့်တွင် အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော် AA က ထိုးစစ်ရက်ပေါင်း ၂၁ ရက်ခန့်ကြာမြင့်ခဲ့ပြီး ထိုးစစ်ကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။
တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးတစ်ခုလုံးအား သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်က သေဆုံးမှု များပြားခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတိုကို သိမ်းဆည်းရမိခဲ့သလို ရက္ခိုင့်တပ်တော် AA မှ တပ်ဖွဲ့တစ်ချို့ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။