ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအခိုင်အမာတပ်စွဲထားသော’နှုံးဘူးဗျူဟာ’နှင့် ‘တရွန်အိုင်ဗျူဟာ’တို့အား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA)ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်စခန်း နှစ်ခုကို AAက နိုဝင်ဘာ ၁၄ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်း နှစ်ခုမကျရှုံးရေး စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ်ကြိမ်ရယူခုခံလျက်ရှိရာ ယနေ့(နိုဝင်ဘာ ၃၀ရက်)အထိ ၁၇ကြာတိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင်လည်း စစ်ကောင်စီဘက်မှ ပေါက်တောမြို့ခံများအား ဓားစာခံများအဖြစ်မြို့ထဲတွင် ဆက်လက်ဖမ်းဆီးထားသဖြင့် AAနှင့် စစ်ကောင်စီအကြား တိုက်ပွဲဆက်ဖြစ်နေသည်ဟု အသိပေးသည်။
စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေထိုးစစ်ဖြင့် တပြိုင်နက်တည်း ပြင်းပြင်းထန်ထန် ခုခံလျက်ရှိရာ ယမန်နေ့တွင်လည်းပေါက်တောမြို့အား ဦးတည်ပစ်မှတ်ထား၍ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယခင်ရက်များနည်းတူ မြို့အတွင်းရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ဆင်ရေးဆင်နွှဲလာသည့် တစ်လကျော်ကာလအတွင်း မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့သည် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များနှင့် ရည်မှန်းချက်များကို တစ်ခုပြီးတစ်ခု ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကိုလည်း ဆင်နွှဲနေပြီး ရန်သူ့စခန်း၊ ဗျူဟာကုန်းများနှင့် မိမိတို့၏ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေသော ရန်သူ့စခန်းကုန်းများအား ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
၁၀၂၇ စစ်ဆင်ရေးဆင်နွှဲလာသည့် စစ်ရှိန်နှင့်အတူ တစ်နိုင်ငံလုံးပူးပေါင်းပါဝင်သည့် စစ်ဆင်ရေးကြီးအဖြစ် အသွင်ပြောင်း အားကောင်းလာပြီး စစ်ကောင်စီ၏ တပ်စခန်းများ၊ ထောက်တိုင်များကို အပြီးသတ်ဖြိုလှဲနိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တခြားသော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များသည်လည်း စစ်ဆင်ရေးသတ်မှတ်ထားသည့်နေရာများတွင် စစ်ရေး ရည်မှန်းချက်များ အထမြောက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။