ပလက်၀မြို့နယ်နှင့်ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တို့တွင် ရေတပ်သင်္ဘောက လက်နက်ကြီးပစ်ခတ်ခြင်း နှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၆ ဦး သေဆုံးကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မေလ ၂၁ ရက်နေ့ ညနေပိုင်း ပလက်၀ဒေသ၊ အထက်တရွန်အိုင်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကျဲပစ်ခတ်ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ၁၀ ဦး ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများမှာ ပလက်ဝဒေသ၊အထက်ဘလိုင်ရွာမှ ခူမီးလူမျိုးများဖြစ်သော ဦးမောင်သိန်းနိုင် အသက် ၃၁နှစ် ၊ဦးအောင်ထွန်း အသက် ၆၇နှစ်၊ ရခိုင်လူမျိုးများဖြစ်သော မစန္ဒာ အသက် ၁၇ နှစ်၊ ဒေါ်လှခိုင်ဦး အသက် ၄၇ နှစ် ၊ဦးအောင်ကျော်ညွှန့် အသက် ၃၃ နှစ်တို့ဖြစ်ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀ဒေသ၊ အထက်တရွန်အိုင်ရွာရှိ လူနေအိမ် ၁ လုံး၊ စျေးဆိုင် ၁ ဆိုင်လည်း မီးလောင်ပျက်စီးကြောင်း သိရှိရသည်။
ထို့ပြင် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင်လည်း မေလ ၂၁ ရက်နေ့ စစ်ကောင်စီ ရေတပ်သင်္ဘောက လက်နက် ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။
မေ ၂၁ရက်နေ့ နံနက်ပိုင်း မောင်တောမြို့နယ်၊သဝင်ချောင်းရွာပျက်၏ အနောက်ဖက်ပင်လယ်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောက ရသေ့တောင်မြို့နယ်၊စေတီပြင်ရွာကို ဦးတည်ပစ်ခတ်ရာ စေတီပြင်ရွာမှ စစ်ဘေးရှောင် ဦးမောင်ချမ်းအေး အသက် ၆၉ နှစ် သေဆုံးခဲ့ကြောင်း ၊ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။