တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရဲ စခန်းနှင့် တိုတောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ် ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဧပြီ ၂၈)ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအင်အား ၆၀ ကျော်ရှိသော ပလမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး၊ ယင်းနေ့ညနေ ၄ နာရီခွဲတွင်လည်း တိုတောင်ကုန်းပေါ်၌ အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးသီးတစ်လုံး အသီးသီးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ရန်သူ့စခန်းတွေက အင်အားပုံသေမရှိဘူး။ ကျနော်တို့ တိုက်ခိုက်ချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ပွဲပြီးနောက်ပိုင်းမှာတော့ ပလရဲစခန်းထဲ လူနာတင် ကားတွေဝင်သွားတယ်ဆိုတာပဲသိရသေးတယ်။ ထိခိုက်သေဆုံး အတိအကျ မသိရသေးဘူး”ဟု မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။
အထက်ပါ တိုက်ခိုက်မှုများအနက် ပလမြို့ရဲစခန်းအား ဗုံးသီးကြဲချတိုက်ခိုက်ချိန်တွင် ပစ်မှတ်ရွေးချယ်ထားသော လက်နက်ကြီးကွင်းနေရာ၌ ရန်သူ့တပ်သားလေးဦးရှိနေပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ယင်းစစ်ရေးတိုက်ခိုက်မှုများတွင် ပစ်မှတ်များကို ရာနှုန်းပြည့်ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို အတည်ပြုနိုင်ရန် ကြိုးစားနေပါသည်ဟု မြိတ် ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ် တိုက်ခိုက်လျှက်ရှိရာ ဧပြီ ၂၆ ရက်ကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ရေး-ထားဝယ်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့်အဖွဲ့အား ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(DGRF)နှင့်ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။