တနင်္သာရီတိုင်း၊ ပလမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခတ်သည့် လက်နက်ကြီးကျည် မြို့လယ်တွင်ကျပြီး မပေါက်ကွဲဘဲ ဆက်ရှိနေခြင်းကြောင့် ပေါက်ကွဲမညကို မြို့ခံများစိုးရိမ်ထိတ်လန့်နေကြကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇူလိုင် ၈)ည ၉ နာရီခန့်က စစ်ကောင် စီတပ်၊ ရဲနှင့် ပျူစောထီးများတပ်စွဲထားသည့် ပလရဲစခန်းမှနေ၍ ၆၀ မမလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့လယ်ရှိ CB ဘဏ်နှင့် ပလမြို့စျေးအနီး ကျရောက်ခဲ့ခြင်း ဖြစ်သည်။
“ပလရဲကင်းမှာ ပျုရော ေ-ွးရော ရဲရော အကုန်နေကြတယ်။ ပြည်ထောင်စုလမ်းမကြီးရဲ့နဘေးမှာရှိတယ်။ အထဲကိုတော့ တောင်ပေါ်နည်းနည်းတက်သွားရတယ်။ သူများရာဘာခြံကိုသိမ်းပြီးတော့ ရဲစခန်းဆောက်ထားတာ”ဟု စစ်ကောင်စီတပ်များအထိုင်ချထားသည့် ပလရဲစခန်းအခြေအနေကို သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ မြို့လယ်မိန်းလမ်းမကြီးတစ်နေရာတွင် ကျနေသည့် မပေါက်ကွဲသေးသော ၆၀ မမ လက်နက် ကြီးကျည်ကို မြို့ခံများက ကားတာယာများဖြင့် ကာရံပြီး ဗုံးသီးပေါ်သို့ ဆားရေများလောင်းချထားကြောင်း ၎င်းက ဆက်ပြော သည်။
“ဈေးသည်တွေက မော်တော်ကားတာယာတွေနဲ့ ပတ်ကာပြီး နဘေးကနေ ဆားလောင်းပေးထားတယ်။ မတော်တဆ ပေါက်ကွဲလာရင် နဘေးမစင်အောင်ပေါ့။ အပေါ်ပဲ တက်မှာပေါ့ အစတွေ။ ဆားက သံချေးတက်ပြီး ခိုင်သွားအောင်တဲ့၊ လက်နက်ကြီး ကျည်မှာ လောင်းထားတာ။ တာယာမှာမဟုတ်ဘူး”ဟု အထက် ပါသတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိအခြေအနေတွင် ပလရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးသို့ မထွက်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားရာ စခန်းနောက်ကြော ရေလမ်းတစ်ခုသာ ထွက်ပေါက်ရှိကြောင်း စုံစမ်းသိရသည်။
ပလမြို့သည် ပုလောမြို့နယ်အတွင်းပါဝင်ပြီး အဆိုပါ ပုလောမြို့နယ်တွင်လည်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းကပင် ပုလောရဲစခန်းကို တော် လှန်ရေးတပ်ဖွဲ့များက ဗုံးသီးချတိုက် ခိုက်ခဲ့သေးသည်။