ပလမြို့မှာ ဘေးတွဲဆိုင်ကယ်စီးပြီး သံတိုသံစလိုက်ဝယ်နေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ်(၃) ရပ်ကွက် ဝေဠုဝန်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကာင်စီတပ်သားတွေက ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ပစ်သတ်လိုက်တာလို့ သိရပါတယ်။
“ရွာမှာ သူ့ကိုမြင်နေတာတော့ နှစ်ချီနေပြီ။ ပုလောဘက်ကလား၊ ဘယ်ကလဲဆိုတာမသိဘူး။ သူကပိတ်ထားတဲ့လမ်းကို မသိဘဲဖြတ်ဝင်သွားတာတဲ့။ အဲမှာ ဝါးကျောင်းထဲမှာတပ်စွဲထားတဲ့စစ်တပ်က ပစ်ထည့်လိုက်တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါဒေသခံပြောပြချက်အရ ဝေဠုန်ဝန်ဘုန်းကြီးကျောင်း အနီးတဝိုက်က လမ်းကြားလေးတွေထဲ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်သားတွေက ပိတ်ထားတယ်လို့သိရပါတယ်။
လမ်းပိတ်ထားကြောင်းကို ပါးစပ်အမိန့်နဲ့သာထုတ်ထားတာဖြစ်ပြီး အများသိအောင် ဝါးလုံးနဲ့ တားတာ၊ စာချိတ်ဆွဲပြီးသတိပေးတာမျိုး မရှိတာကြောင့် ဖြတ်သွားဖြတ်လာပြည်သူတွေအနေနဲ့ မသိနိုင်ဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။
ပစ်သတ်ခံရသူအမျိုးသားက ဘယ်သူဆိုတာနဲ့ အလောင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
အခုလ တတိယပတ်အတွင်း ပလမြို့ရဲစခန်းအနီးမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်ကားတွေမိုင်းဆွဲခံရတာ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သူတွေရဲ့နေအိမ်တွေမီးရှို့ခံရပြီးကတည်းက အဲ့ဒီဝေဠုဝန်ကျောင်းမှာ တပ်သားအင်အား ၁၀ ယောက်ခန့်က တပ်စွဲနေထိုင်နေတာလို့ သိရပါတယ်။
အဲဒီလိုတပ်စွဲတာအပြင် စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာတွေနေ့တိုင်းလုပ်ဆောင်နေပြီး လမ်းမှာတွေ့တဲ့ အရပ်သားတွေကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သေနတ်ငယ်တွေနဲ့ရမ်းသန်းပစ်ခတ်တာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကျည်ထိမှန်ပြီး အဘွားအိုတစ်ဦးလည်း အခုရက်ပိုင်းအတွင်း သေဆုံးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ထားတဲ့ပုလောမြို့မယ်ထဲက ပလမြို့မှာ ရဲစခန်းနဲ့ တိုတောင်ပေါ်မှာသာ စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်နေကြတာဖြစ်ပြီး အခုလ တတိယပတ်အတွင်းမှာ ဝေဠုဝန်ကျောင်းမှာပါ တပ်စွဲထားတာလို့ သိရပါတယ်။